နေပြည်တော် ဇူလိုင် ၂၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၉ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်အမှတ် (၅)လမ်းဘေး၌ ရပ်တန့်ထားသော တရုတ်နံပါတ်တပ် ကုန်ပစ္စည်းတင်မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အဝတ်အထည်၊ လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ စကားပြောစက်နှင့် စကားပြောစက်ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၁၈၂၇၂၂) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dongfeng အမျိုးအစား တရုတ်နံပါတ်တပ် ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၁၈၂၇၂၂) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အနောက်ပိုင်းတက္ကသိုလ်အဝိုင်းအနီး၌ တရားမဝင် ကျွန်းတံခါးဆိုက်စုံ (၁ ဒသမ ၉၁၂၆) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆၂၃၁၆) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် ISUZU အမျိုးအစား ခြောက်ဘီးမော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၂၆၂၃၁၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင် ၂၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က မုံရွာမြို့နယ်အတွင်း LIFAN အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ထီးချိုင့်မြို့နယ်အတွင်း တရားမဝင်သစ်မျိုးစုံ ၁၆၀ ဒသမ ၀၄၂၄ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၃၂၀၂၁၆၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃,၅၅၂,၁၆၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာပူးပေါင်း စစ်ဆေးရေးအဖွဲ့က မန္တလေး-ပြင်ဦးလွင် ကားလမ်းမိုင်တိုင်အမှတ်(၁၈) မိုင် ခြောက်ဖာလုံအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၀၀၀၀) ကို လည်းကောင်း၊ ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်းရှောင် ကွင်းလမ်း၌ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး ဆိုက်စုံ ၃၄၄ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၂၀၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများ သယ်ဆောင်လာသည့် ဆိုင်ကယ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၁၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သောအဖွဲ့က ပန်းတောင်းမြို့နယ်အတွင်း Honda Fit အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦဆောင်သောအဖွဲ့က သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်နှင့် ဇီးကုန်းမြို့နယ်များ အတွင်း၌ တရားမဝင်ကျွန်းသစ် (၄ ဒသမ ၄၃၉၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၂၂၂၀၄) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၂၂၂၀၄) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ဇူလိုင် ၁၉ ရက်နှင့် ၂၀ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၉၈၁၉၄၀၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်