နေပြည်တော် ဇူလိုင် ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်၌ ငွေကျပ်သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၆ တုံး၊ အလေးချိန် ၄၀ ဒသမ ၆ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ လားရှိုးမှ မူဆယ်ဘက်သို့ ဟောင်းလွမ်း မောင်းနှင်ပြီး ဇော်ဂရောင်လိုက်ပါလာသည့် Crown မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၆ တုံး၊ အလေးချိန် ၄၀ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၄ နာရီတွင် မူဆယ်မြို့ ကောင်းမှုတုံ ရပ်ကွက်မြို့ရှောင်လမ်းတွင် ဘိန်းဖြူဘလောက်တုံးများ သယ်ဆောင်ရာ၌ ပူးပေါင်း ပါဝင်သူရန်ကျုံးပြုံး (ခ) အောင်ကျော်မိုးကို ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူဘလောက်တုံးများကို ရှမ်းပြည်နယ် တောင်ပိုင်းကျေးသီးမြို့နယ်မှ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်