Skip to main content

၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၂၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာ့ဘောလုံး အားကစားအဆင့်အတန်းကို တိုးတက်မြင့်မားလာစေရေးနှင့် သွေးသစ်လူငယ်ဘောလုံးသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဘောလုံးအားကစားသမားများ အချင်းချင်းသွေးစည်းညီညွတ်မှုရှိပြီး ပြည်ထောင်စုစိတ်ဓာတ် ပိုမိုထွန်းကား ပြန့်ပွားလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ကြောင်း။

မြန်မာ့ဘောလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် အရှေ့တောင်အာရှနှင့် အာရှဒေသနယ်ပယ်တွင် အောင်မြင်စွာရပ်တည်နိုင်ရေးသည် ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သကဲ့သို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်တစ်ရပ်အဖြစ်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာဘောလုံးအသင်းအောင်မြင်မှု ရရှိနိုင်ရန် မြန်မာ့လက်ရွေးစင်လူငယ်များကို ကျောထောက်နောက်ခံအဖြစ် အင်အားအများဆုံးဖြည့်တင်းပေးနိုင်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီး လူငယ်ဘောလုံးပြိုင်ပွဲများကို မိမိတို့ဌာနအနေဖြင့် စဉ်ဆက်မပြတ် ကျင်းပပေးနေခြင်းဖြစ်ကြောင်း။

နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီမြန်မာ့ ဘောလုံးအားကစား ပြန်လည်အောင်မြင်မှုရရှိရန် အရေးကြီးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အောင်နိုင်ရေးစီမံချက်ရေးဆွဲကာ အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတော်မှအားကစားကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အားကစားသမားများအနေဖြင့်လည်း နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံဂုဏ်သိဏ္ခာကျစေမည့်ပြုမူ ဆောင်ရွက်မှုမျိုး မပြုလုပ်မိစေရန် အထူးမှာကြားလိုပါကြောင်း။

ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်အဝနှင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြရန်၊ ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းရှင်းပြီး သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်က အားထားရမည့် ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာအောင် ယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းမှာကြားကာ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန် (၄)ချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ထို့နောက်နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပွဲစဉ်အဖြစ် နေပြည်တော်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်မှ ဩဂုတ် ၃ ရက်အထိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ် ၁နှင့် ကွင်းအမှတ် ၃တို့၌ ပြိုင်ပွဲဝင်အသင်း ၁၄သင်းမှ အားကစားသမားစုစုပေါင်း ၃၂၅ ဦးတို့က ယှဉ်ပြိုင်ကစားကြမည်ဖြစ်သဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသူ မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ်