နေပြည်တော် ဇူလိုင် ၂၀
အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံကိုယ်စားပြုတက္ကသိုလ် အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တက္ကသိုလ်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲများကို အာဆီယံတက္ကသိုလ်အားကစားကောင်စီက ၂ နှစ်တစ်ကြိမ် ကျင်းပလျက်ရှိရာ အလှည့်ကျသည့်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး အဆိုပါအားကစားပြိုင်ပွဲများသို့ အာဆီယံနိုင်ငံများရှိ တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း။
အာဆီယံတက္ကသိုလ်အားကစားကောင်စီကို ၁၉၈၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှစတင်၍ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ စတင်ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ကြောင်း။
အာဆီယံတက္ကသိုလ် အားကစားကောင်စီသည် အာဆီယံနိုင်ငံများအချင်းချင်း စည်းလုံးညီညွတ်မှုကို အားပေးမြှင့်တင်ပေးရန်၊ ချစ်ကြည်ရေးစိတ်ဓာတ်ရှင်သန်ရန်၊ နိုင်ငံအချင်းချင်းအကြား အပြန်အလှန်နားလည်မှုရှိရန်နှင့် အာဆီယံစိတ်ဓာတ်ရှိကြရန် အဆက်မပြတ် ကြိုးပမ်းအားထုတ်သည့်အနေဖြင့် ယခုကဲ့သို့သောအားကစားပြိုင်ပွဲကို စဉ်ဆက်မပြတ် ကျင်းပနေခြင်းဖြစ်ကြောင်း။
ယနေ့ကမ္ဘာတွင် အားကစားသည် ထိရောက်ကောင်းမွန်သော သံတမန်လမ်းကြောင်း တစ်ခုဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ဂုဏ်သိက္ခာမြင့်မားမှုကို ပီပြင်စွာဖော်ထုတ်ပြသနိုင်ပြီး နိုင်ငံတကာချစ်ကြည်ရေးကို အားပေးမြှင့်တင်ပေးသော နည်းလမ်းကောင်း တစ်ရပ်ဖြစ်ကြောင်း၊ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲများမှတစ်ဆင့် အာဆီယံလူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးပြီး စည်းလုံးညီညွတ်မှုများ ရရှိလာမည်ဖြစ်သကဲ့သို့ အားကစားစွမ်းရည်များကို ထုတ်ဖော်ပြသခွင့်ရရှိလာကာ ထူးချွန်အားကစားသမားများလည်း ပေါ်ထွန်းလာစေမည်ဖြစ်ကြောင်း၊ တက္ကသိုလ်အားကစားသမားများအကြား သက်ဆိုင်ရာ တက္ကသိုလ်များ၏ အကြောင်းအရာများနှင့် သက်ဆိုင်ရာနိုင်ငံများ၏ ယဉ်ကျေးမှုဆိုင်ရာများကို အပြန်အလှန် လေ့လာဖလှယ်ခွင့်ရရှိလာစေမည်ဖြစ်ကြောင်း။
ထိုင်းနိုင်ငံ၊ ဥဘွန်ရတ်ချဌာနီ၌ မကြာမီ စတင်ကျင်းပတော့မည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသည် အာဆီယံနိုင်ငံများအကြား အချင်းချင်းစည်းလုံးညီညွတ်မှုကို အားကစားဖြင့် တိုးတက်ခိုင်မာစေရန် ရည်ရွယ်၍ “စည်းလုံးညီညွတ်မှု အစဉ်တည်တံ့ဖို့ အားကစားပြိုင်ပွဲများ ကျင်းပစို့ (Games for Sustainability)”ဟူသည့် ဆောင်ပုဒ်ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ၂ နှစ်လျှင် ၁ ကြိမ်ကျင်းပသည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲများကို ၂၀၁၀ပြည့်နှစ်က ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သော (၁၅)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် အားကစားနည်း ၈ မျိုးဖြင့် စတင်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၂ခုနှစ် လာအိုနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက်ပြိုင်ပွဲ၊ ၂၀၁၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သော (၁၇)ကြိမ်မြောက်ပြိုင်ပွဲနှင့် ၂၀၁၆ခုနှစ် စင်ကာပူ နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် ပြိုင်ပွဲတို့တွင် မပျက်မကွက် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲများတွင် အောင်မြင်မှုများ ရသင့်သလောက် ရရှိခဲ့ကြောင်း။
၂၀၁၈ခုနှစ်တွင် မြန်မာနိုင်ငံ၌လက်ခံကျင်းပခဲ့သော (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် အားကစားနည်း (၁၇)မျိုး ထည့်သွင်းကျင်းပခဲ့ကြောင်း၊ အဆိုပါအားကစားပြိုင်ပွဲ အားကစားနည်းတိုင်းတွင် မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူ အားကစားသမား (၃၅၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၂၄ ခု၊ ငွေတံဆိပ် ၂၆ ခုနှင့် ကြေးတံဆိပ် ၂၉ ခု ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်ရပ်တည်မှုအနေဖြင့် အဆင့် ၄ တွင် ရပ်တည်နိုင်ခဲ့ခြင်းသည် အောင်မြင်မှုသမိုင်း မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကျင်းပမည့် အကြိမ် (၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုတက္ကသိုလ် အားကစားသမား (၃၃)ဦးက ဘောလုံး၊ မြားပစ်၊ ပိုက်ကျော်ခြင်းနှင့် ဝူရှူးအားကစားနည်း (၄)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ကို သိရကြောင်း။
၁၉၆၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲတွင် တက္ကသိုလ်လက်ရွေးစင်များက အောင်ပွဲများ ဆွတ်ခူးပေးနိုင်ခဲ့ကာ မြန်မာ့အားကစားလောက ရွှေရောင်ဝင်းလက်စေခဲ့ကြောင်း။
ထို့ပြင် စစ်ကြိုခေတ်ကတည်းက တက္ကသိုလ်ဘောလုံးအသင်းအနေဖြင့် မြန်မာ့ဘောလုံးလောကတွင် အောင်မြင်မှုမှတ်တိုင် အလီလီစိုက်ထူနိုင်ခဲ့သည့်ကို ဂုဏ်ယူ၊ အတုယူကြရမည်ဖြစ်ကြောင်း၊ စစ်ကြိုခေတ် တက္ကသိုလ်ဘောလုံးအသင်းမှ မောင်မောင်ကလေး ဆိုသူကို အင်္ဂလန်နိုင်ငံသို့ ပထမဆုံးအားကစား ပညာတော်သင်အဖြစ် အစိုးရက စေလွှတ်ပေးခဲ့ကြောင်း။
၁၉၆၀ ပြည့်လွန်နှစ်များတွင် တက္ကသိုလ်ဘောလုံးအသင်း နည်းပြဆရာ ဆရာငြိမ်းသည် ရန်ကုန်တက္ကသိုလ်အသင်းကို ထိပ်တန်းအသင်းဖြစ်အောင် ကိုင်တွယ်ဆွဲတင်ပေးနိုင်ခဲ့သည့် နည်းပြဆရာအဖြစ် မှတ်တမ်းတင်ခံထိုက်သူတစ်ဦးဖြစ်ခဲ့ကြောင်း။
၁၉၆၆ ခုနှစ်တွင် အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့စဉ် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက နောက်ဆုံး ဗိုလ်လုပွဲ၌ အီရန်နိုင်ငံအသင်းကို အနိုင်ရကာ ရွှေတံဆိပ်ဆုဆွတ်ခူးရရှိခဲ့ကြောင်း၊ အဆိုပါ မြန်မာ့လက်ရွေးစင်အသင်းမှ အောင်ခင်နှင့် စိုးမြင့်တို့ ၂ ဦးသည် ရန်ကုန်တက္ကသိုလ်လက်ရွေးစင်များ ဖြစ်ကြကြောင်း။ ရွှေဂိုး-အောင်ခင်ဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်ကို အမှတ်ရကြမည်ဖြစ်ကြောင်း။
စစ်ပြီးခေတ် ရန်ကုန်တက္ကသိုလ်ဘောလုံးအသင်း လက်ရွေးစင်များဖြစ်ကြသည့် ကောလိပ်ဂျင်နေဝင်း၊ ထွန်းကြည်၊ အောင်ခင်၊ ကက်နက်ရှိန်၊ တင်မောင်၊ စိုးမြင့်၊ စောဦး၊ မောင်ပြုံး၊ ကျော်ကျော်၊ မောင်မောင်၊ ငွေကိုင်၊ ဂျွန်တင့်၊ ဘန်နီတင်အောင်၊ ခင်မောင်ဝင်း၊ ခင်မောင်ဇော်၊ ဘမောင် ဆိုသူတို့သည် မြန်မာလူငယ်လက်ရွေးစင်အသင်းနှင့် လူကြီးလက်ရွေးစင်အသင်းတို့တွင် ပါဝင်ကစားခဲ့ကြသည့် ပရိတ်သတ်အသဲစွဲ နာမည်ကျော် ကစားသမားများပင် ဖြစ်ကြကြောင်း၊ ဂိုးသမား ဂျပ်ဆင် ဆိုသူသည် ရန်ကုန်တက္ကသိုလ်လက်ရွေးစင်မှ မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ကြောင်း။
ဘောလီဘောအားကစားနည်းတွင် ကျော်ဟန်၊ အေးထွန်း၊ စန်းစန်းဖေနှင့် ဖြူဖြူဇော် စသည့် တက္ကသိုလ်ဘောလီဘောသမားများနှင့် ဘတ်စကတ်ဘောအားကစားနည်းတွင် ဉာဏ်မင်းတို့သည် မြန်မာ့လက်ရွေးစင်များအဖြစ် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများဖြစ်ကြောင်း။
၁၉၆၂ ခုနှစ် အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခု ဆွတ်ခူးနိုင်ခဲ့သည့် တင်မောင်နီနှင့် ၁၉၆၉ ခုနှစ် ရန်ကုန်ကျွန်းဆွယ်ပြိုင်ပွဲတွင် တစ်ဦးတည်း ရွှေတံဆိပ် ၃ ခု ဆွတ်ခူးနိုင်ခဲ့သော နန္ဒကျော်စွာ တို့သည် ဆုတံဆိပ်များစွာဆွတ်ခူးခဲ့ကြသည့် တက္ကသိုလ် ရေကူးအားကစားသမားများ ဖြစ်ကြကြောင်း။
ကြက်တောင်အားကစားနည်းတွင် မောင်လှ၊ ကျော်ထွန်း၊ မြင့်မြင့်ခင်(မန္တလေး) တို့မှအစပြု၍ မြလေးစိန်အထိ မြန်မာ့လက်ရွေးစင် ကြက်တောင်ရိုက် အားကစားသမားများသည် တက္ကသိုလ်လက်ရွေးစင်အသင်းသားများ ဖြစ်ကြကြောင်း။
အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်ကြမည့် မြန်မာ့တက္ကသိုလ်ကျောင်းသားကျောင်းသူ အားကစားမောင်မယ်များအနေဖြင့် ခေတ်အဆက်ဆက် အောင်မြင်ကျော်ကြားခဲ့သည့် တက္ကသိုလ်အားကစား၏ ကောင်းမွန်သောသမိုင်းအမွေကို ထိန်းသိမ်းမြှင့်တင်ပေးနိုင်လိမ့်မယ်ဟု ယုံကြည်ပါကြောင်း။
"ပွဲမဝင်ခင်အပြင်ကကျင်းပ” ဆိုသည့် စကားနှင့်အညီ တက္ကသိုလ်ကျောင်းသား အားကစားမောင်မယ်များအနေဖြင့် ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်ပြီးဖြစ်၍ မိမိတို့၏ ကြိုးစားအားထုတ်မှုများကို တက္ကသိုလ်အားကစား သမိုင်းတွင် မှတ်တမ်းတင်နိုင်ရေး တက်ညီလက်ညီ ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ နိုင်ငံတကာအလယ်တွင် အမိနိုင်ငံ၏အလံတော်လွှင့်ထူ ဂုဏ်ပြုခံရခြင်းမျိုးကို နိုင်ငံသားတိုင်းက လိုလားတောင့်တကြသည့်အတွက် အားသွန်ခွန်စိုက် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း။
အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် အားကစားသမားများကို တက္ကသိုလ်များမှ ရွေးချယ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်ကျောင်းသား အားကစားမောင်မယ်များသည် နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊ အားကစားစွမ်းဆောင်ရည် မြင့်မားမှု၊ စံချိန်စံညွှန်းကောင်းမွန်မှု စသည့်အရည်အသွေးများ ပြည့်ပြည့်ဝဝ ခိုင်ခိုင်မာမာဖြင့် ပြိုင်ပွဲဝင်ရန် အသင့်ဖြစ်နေကြပြီဟု ယုံကြည်ပါကြောင်း။
အားကစားအောင်မြင်မှုများသည် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်သည့်အတွက် ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး တက္ကသိုလ်အားကစားအဖွဲ့ဝင် မောင်မယ်များ၏ ပခုံးထက်တွင် ထမ်းဆောင်ထားကြရသည် ဆိုသည်ကို သတိပြုနေကြရမည်ဖြစ်ကြောင်း။
ယနေ့အချိန်ကာလတွင် နိုင်ငံတော်ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံ အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍကိုလည်း တစ်ခန်းတစ်ကဏ္ဍ ထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရန် စနစ်တကျ အစီအမံများ ချမှတ်ဆောင်ရွက်ပေးလျက် ရှိကြောင်း။ “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” ဆိုသည့် လူမှုရေးဦးတည်ချက်အတိုင်း အနာဂတ်ကို ဦးဆောင်ပုံဖော်ကြမည့် လူငယ်များကို စိတ်ဓာတ်စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားသော မျိုးဆက်များဖြစ်အောင် လေ့ကျင့်ပြုစု ပျိုးထောင်သွားရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသော စွမ်းရည်ပြယှဉ်ပြိုင်မှုများဖြစ်ကြောင်း၊ အလားတူ အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်၊ ခိုင်မာသောစိတ်ဓာတ်များဖြင့် ယှဉ်ပြိုင်ကြရသည့်အတွက် နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်နှင့် ဇာတိဂုဏ်များကို မြှင့်တင်ပေးပြီး အမျိုးသားရေးစိတ်ဓာတ်များကိုလည်း ပိုမိုရှင်သန်ထက်သန်စေနိုင်မည်ဖြစ်ကြောင်း၊ အားကစားသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယ ကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေကြောင်း။
တစ်နည်းအားဖြင့် မိမိတို့နိုင်ငံရှိ ပြည်သူပြည်သားများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် အားကစားအဆင့်အတန်းကို မြှင့်တင်နိုင်ရန် ပြည်တွင်းအားကစားပြိုင်ပွဲများ၊ ဒေသတွင်း အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြပြီး မိမိတို့၏ အားကစားစွမ်းရည်နှင့် အားကစားစိတ်ဓာတ်ကို ထုတ်ဖော်ပြသနိုင်ရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်ကြောင်း။
အားကစားပြိုင်ပွဲများတွင် မိမိတို့၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် အလေ့အကျင့်တို့ကို စဉ်းစားဆင်ခြင်ဉာဏ်၊ လျှပ်တပြတ်ဖြတ်ထိုးဉာဏ်၊ မှန်ကန်သည့်အယူအဆ မှန်ကန်မြန်ဆန်သော ဆုံးဖြတ်ချက်တို့ဖြင့် ပေါင်းစပ်အသုံးချ ယှဉ်ပြိုင်မည်ဆိုလျှင် အောင်ပွဲဆင်နိုင်ကြမည်ဖြစ်ကြောင်း။
ပြီးခဲ့သည့် ဇွန်လအတွင်း ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့ကြသည့် မြန်မာအားကစားအဖွဲ့များကို နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနား ခမ်းနားစွာကျင်းပပြီး ထိုက်ထိုက်တန်တန်ဂုဏ်ပြုခဲ့ကြောင်း။
ပြိုင်ပွဲဝင် တက္ကသိုလ်ကျောင်းသားကျောင်းသူ အားကစားမောင်မယ်များအနေဖြင့် အားကစားစည်းမျဉ်းစည်းကမ်းများနှင့်အညီ အားကစားစိတ်ဓာတ် အပြည့်အဝထားရှိကာ တရားသောနည်းလမ်းများနှင့်အတူ ယှဉ်ပြိုင်အနိုင်ယူကြရမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် ဆုတံဆိပ်များ ဆွတ်ခူးပေးနိုင်ကြပါစေ၊ နိုင်ငံ၏ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်ပေးနိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မြန်မာတက္ကသိုလ်အားကစားအဖွဲ့ခေါင်းဆောင် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အပ်နှင်းသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာတက္ကသိုလ်အားကစားအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာတက္ကသိုလ်အားကစားအဖွဲ့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။