Skip to main content

(၂၂)ကြိမ်မြောက် အာရှ-ပစိဖိတ် ကြေးနန်းဆက်သွယ်ရေးအဖွဲ့၏ ဆက်သွယ်ရေးမူဝါဒဆိုင်ရာဖိုရမ် ဝန်ကြီးအဆင့်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၁၉

အာရှ-ပစိဖိတ် ကြေးနန်းဆက်သွယ်ရေးအဖွဲ့ (Asia Pacific Telecummunity-APT) မှ ထိုင်းနိုင်ငံဗန်ကောက်မြို့တွင် ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ Hybrid Format ဖြင့် ကျင်းပလျက်ရှိသော “The 22ndAPT Policy and Regulatory Forum (PRF-22)” အစီအစဉ်များအတွင်း ယနေ့ကျင်းပသည့် ဝန်ကြီးအဆင့်စားပွဲဝိုင်းဆွေးနွေးပွဲသို့ ပို့‌ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်က Virtual စနစ်ဖြင့် တက်ရောက်ဆွေးနွေးသည်။

အမှာစကားပြောကြား

ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားတွင် အေပီတီ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Masanori Kondo က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဆက်သွယ်ရေးမူဝါဒဆိုင်ရာဖိုရမ်၏ ဥက္ကဋ္ဌဖြစ်သူ Mr. Trieu Minh Long က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန် အပါအဝင် ဦးဆောင်ဆွေးနွေးသူ ခြောက်ဦးတို့က “Digital Transformation and Innovation Strategies for Sustainable Digital Society” ခေါင်းစဉ်ဖြင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို အရှိန်မြှင့်တင်နိုင်ရန်အတွက် အစိုးရများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံသားများ လုပ်ကိုင်ခွင့်ရှိသော မူဝါဒဆိုင်ရာမဟာဗျူဟာများနှင့် ချဉ်းကပ်နည်းများကို အာရှ-ပစိဖိတ်နိုင်ငံများတွင် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံကောင်းများအဖြစ် မျှဝေဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်တွင် အိုင်စီတီကဏ္ဍ ဖြေလျှော့ခြင်းများ စတင်ဆောင်ရွက်ပြီးနောက် အိုင်စီတီနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၏ ချိတ်ဆက်နိုင်မှု၊ ဈေးနှုန်း‌သင့်တင့်မှုနှင့် အရည်အသွေးတို့သည် သိသိသာသာ တိုးတက်လာသော်လည်း မြို့ပြနှင့်ကျေးလက်အကြားအသုံးပြုမှုတွင် ကြီးမားသောကွာဟမှုသည် ယခုထက်ထိရှိနေသေးကြောင်း၊ အဆိုပါပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ဆက်သွယ်ရေးဝန်ဆောင်မှုမရရှိသေးသော ဒေသများအား ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများရရှိရေး ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည့် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေး မဟာဗျူဟာ(၂၀၁၉-၂၀၂၃)ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။

ထို့ပြင် ထိုသို့ဆက်သွယ်မှုနှင့် ဈေးနှုန်းသင့်တင့်မျှတမှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်သည်နှင့်အမျှ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာဆက်သွယ်မှုများ ပိုမိုများပြားလာကာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် ဆက်နွှယ်သည့်ကိစ္စရပ်များ ကြုံတွေ့လာရမည်ဖြစ် ကြောင်း၊ ယင်းတို့မှာ ဒစ်ဂျစ်တယ်နည်းပညာများနှင့် ဝန်ဆောင်မှုများကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်အတွက် သင့်လျော်သည့် နားလည်တတ်ကျွမ်းမှုလိုအပ်ခြင်း၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာအားနည်းခြင်း၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကြုံတွေ့ရခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာများကို (အထူးသဖြင့် လူမှုကွန်ရက်အပါအဝင်ဒစ်ဂျစ်တယ် ပလက်ဖောင်းတို့တွင်) ကျင့်ဝတ်သိက္ခာမရှိဘဲ အကျိုးမဲ့စွာ အသုံးပြုခြင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေးအတွက် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုအပေါ် စိန်ခေါ်မှုများရှိနေခြင်းတို့ဖြစ်ကြောင်းနှင့် ယင်းတို့ကို ကျော်လွှားနိုင်ရန်အတွက် စီမံဆောင်ရွက်ရမည့်နည်းတူ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာနှင့်အတွေ့အကြုံ ဖလှယ်မှုများရယူ၍ ဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယနေ့ကျင်းပသည့် ဖိုရမ်သည် အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံများ၏ ဆက်သွယ်ရေးနှင့်အိုင်စီတီ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုကိစ္စ၊ ဒေသတွင်းလိုက် လျောညီထွေမှု (Harmonized) ဖြစ်စေမည့် မူဝါဒလုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် ၂၀၀၅ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပ သည့် ဖိုရမ်ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် APT အထွေထွေအတွင်းရေးမှူးချုပ် (APT Secretary General) ဖြစ်သူ Mr. Masanori Kondo က ဦးဆောင်ဆွေးနွေးပြောကြားသူ (Moderator) အဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ မြန်မာနိုင်ငံ၊မလေးရှားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများက Speaker များအဖြစ် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်