Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်နှင့်လုပ်ငန်းသုံးပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၉

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့စဉ် ဇူလိုင် ၁၈ ရက်က မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်မှ စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော ဂဟေဆော်စက်ဆက်စပ်ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေ ကျပ် ၃၅၄၀၀၀၀)ကိုလည်းကောင်း၊ ဇူလိုင် ၁၉ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်မှ စာရွက်စာတမ်း တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသော SUE SAT တံဆိပ်ပါ ဆပ်ပြာမှုန့်ဖာ ၁၄၀(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၄၀၀၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဖမ်းဆီးရမိ

အလားတူ ဇူလိုင် ၁၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်ပဲခူးမြို့နယ်အတွင်း ကျွန်းပါကေး (အကြမ်းတုံး)များ ၁ ဒသမ ၃၇၂၈ တန်(ခန့်မှန်း တန်ဖိုးငွေကျပ် ၉၀၆၀၄၈)ကိုလည်းကောင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်နှင့် မြောက်ဇာမရီ ကြိုးဝိုင်းအတွင်း ကျွန်းပရိဘောဂ အကြမ်းထည်များ၊ ပျဉ်းကတိုးခွဲသားနှင့် ကျွန်းသစ် ၇ ဒသမ ၄၀၉၂ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၆၄၀၆၈)ကိုလည်းကောင်း၊ တောင်ငူခရိုင်အတွင်းရှိကျောက် မဆင်ကြိုးဝိုင်းနှင့် ရိုးမကြိုးပြင် ကာကွယ်တောအတွင်း ဒီးဒူးခွဲသား၊ ကျွန်းခွဲသား (ပွတ်လုံး)၊ ကြို့ခွဲသား၊ ပျဉ်းကတိုးခွဲသား ၃ ဒသမ ၂၂၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၆၁၇၇၆)ကိုလည်းကောင်း စုစုပေါင်း၁၂ ဒသမ ၀၀၄ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၃၁၈၉၂) ကိုဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အမှုတွဲကိုးမှု

သို့ဖြစ်ပါ၍ ဇူလိုင် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲကိုးမှု၊ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၈၇၁၈၉၂ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်