ရန်ကုန် ဇူလိုင် ၁၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ရုပ်ရှင်၊ သဘင်၊ ဂီတတို့ ပူးပေါင်းတင်ဆက်မည့် “မြိုင်မြိုင်ဆိုင်ဆိုင်သုံးပွင့်တစ်ခိုင်” ပဒေသာကပွဲ ဖျော်ဖြေရေးအစီအစဉ်တွင် ဂီတကဏ္ဍမှ ပါဝင်တင်ဆက်နိုင်ရန် တွေ့ဆုံဆွေးနွေးသည်။
ထူးထူးကဲကဲ စီစဉ်တင်ဆက်
ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လာမည့်စက်တင်ဘာလတွင် ရုပ်သံလိုင်းအားလုံးမှ တစ်ပြိုင်တည်း ဖျော်ဖြေတင်ဆက်မည့် “မြိုင်မြိုင်ဆိုင်ဆိုင်သုံးပွင့်တစ်ခိုင်” အစီအစဉ်အား ပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုနိုင်ရန်နှင့် အပန်းပြေစေရန်အတွက် ပုံမှန်တင်ဆက်ခြင်းမျိုးမဖြစ်စေဘဲ ထူးထူးကဲကဲဖြင့် စီစဉ်တင်ဆက်နိုင်ရန် လိုပါကြောင်း၊ ယင်းအစီအစဉ်တွင် ရုပ်ရှင်၊ သဘင်လောကသားများနည်းတူ ဂီတလောကသားများအနေဖြင့်လည်း စည်းစည်းလုံးလုံး၊ တက်တက်ကြွကြွဖြင့် ကျရာကဏ္ဍမှ ပါဝင်တင်ဆက်ကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)အနေဖြင့် မြန်မာမှု၊ ခေတ်ပေါ်၊ စတီရီယို စသည်ဖြင့် တေးသီချင်းများစုံလင်စွာ ပါဝင်တင်ဆက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဂီတဆိုင်ရာဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ တာဝန်ရှိသူများက အဆိုပါအစီအစဉ် အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ရုပ်ရှင်၊ သဘင်၊ ဂီတတို့ ပူးပေါင်းတင်ဆက်မည့် “မြိုင်မြိုင်ဆိုင်ဆိုင်သုံးပွင့်တစ်ခိုင်” ပဒေသာကပွဲကြီးကို ပြည်သူများ အနုပညာရသများ ပြန်လည်ခံစားနိုင်စေရန်နှင့် အနုပညာလောကသားများအား စားဝတ်နေရေးထောက်ပံ့နိုင်ရန်အတွက် လာမည့်စက်တင်ဘာလတွင် ရုပ်သံလိုင်းများအားလုံးမှ တစ်ပြိုင်တည်းပြသနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်