နေပြည်တော် ဇူလိုင် ၁၉
(၇၅)နှစ်မြောက်အာဇာနည်နေ့တွင် နိုင်ငံတော်အတွက်အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကုသိုလ်ပြု အမျှပေးဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ နေပြည်တော်ကောင်စီရုံးဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဧည့်ပရိသတ်များက နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များက နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ သံဝေဂကထာတရားနာယူကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အခမ်းအနားသို့ တက်ရောက်လာကြသူများက နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ၁ မိနစ်ငြိမ်သက်ဂါရဝပြုကြသည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။