ရန်ကုန် မတ် ၂၅
COVID-19 ရောဂါကြောင့် သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံများ ပိတ်ထားခြင်းမရှိသလို စက်ရုံများအားလုံး ပုံမှန် လည်ပတ် လျက်ရှိပြီး အလုပ်သမား၊ ဝန်ထမ်းများလည်း ပုံမှန်သွားလာလုပ်ကိုင်လျက် ရှိကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းသန်းသွယ်ထံမှ သိရသည်။
ဒေါက်တာသန်းသန်းသွယ်က “သီလဝါအထူးစီးပွားရေးဇုန်မှာ လက်ရှိစက်ရုံပေါင်း (၈၀) ကျော် လည်ပတ်နေတယ်။ စက်ရုံတွေ ပုံမှန်လည်ပတ်နေသလို စက်ရုံအလုပ်သမား ဝန်ထမ်းတွေလည်း ပုံမှန်အတိုင်း အလုပ်လုပ်နေ ပါတယ်။ သီလဝါအထူးစီးပွားရေး ဇုန်မှာ ဆောက်လုပ်ရေးလုပ်ငန်းပိုင်းမှာ လုပ်နေတဲ့ အလုပ်သမားတွေ စာရင်းမပါ အလုပ်သမား ဝန်ထမ်းပေါင်း ၁၂၀၀၀ ကျော် အလုပ်လုပ်နေပါတယ်” ဟု ပြောသည်။
သီလဝါအထူးစီးပွားရေး စက်မှုဇုန်တွင်လုပ်ငန်းများ ပုံမှန်လည်ပတ်နေသော်လည်း ကျန်းမာရေးနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။
“ညွှန်ကြားချက်တွေဖြစ်တဲ့ လက်ကိုမကြာခဏ စနစ်တကျဆေးရမယ်။ တစ်ယောက်သုံးပေခွာနေရမယ်။ လုပ်ငန်းခွင်မှာ သံသယ လူနာ (သံသယဖြစ်စရာ) တွေ့ရင် ချက်ခြင်းအကြောင်းကြားဖို့၊ အားလုံး သတိဝီရိယ ရှိကြဖို့၊ ထုတ်ပြန်ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပြောထားပါတယ်။ အားလုံးကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်။ မလိုအပ်ပဲ အပြင်မှာ လူစုလူဝေးတွေနဲ့ မသွားလာဖို့ အဲ့ဒီလိုမျိုးတွေတော့ ဆောင်ရွက်ထား တယ်။ ကျွန်မတို့ကို နိုင်ငံတော်သမ္မတရုံး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က Instruction သုံးခုပေးပါတယ်” ဟု သီလဝါ အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဒေါက်တာ သန်းသန်းသွယ်က ပြောသည်။
သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း (၂၀)မှ လုပ်ငန်းပေါင်း (၁၁၃)ခုကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး အဆိုပါလုပ်ငန်းများအနက် လုပ်ငန်း (၈၀)ကျော်မှာ စီးပွားဖြစ် လည်ပတ်လျက်ရှိသည်။ သီလဝါ အထူးစီးပွားရေးဇုန်တွင် အမြဲတမ်းလုပ်သားနှင့် ဆောက်လုပ် ရေး လုပ်ကိုင်နေသူများအပါအဝင် စုစုပေါင်း လုပ်သား (၂၀၀၀၀) ကျော် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သီလဝါအထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။
သတင်း-ညွန့်ကိုကို၊ ဓာတ်ပုံ-ဖိုးထောင်