ဘဏ်များအနေဖြင့် လုပ်ငန်းအောင်မြင်ရေးအတွက် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်
နေပြည်တော် ဇူလိုင် ၁၈
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘဏ်များအသင်း အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးဝင်းသော်၊ ဒေါ်သန်းသန်းဆွေနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဘဏ်များအသင်း နာယက ဦးခင်မောင်အေး၊ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးနှင့် အမှုဆောင် အဖွဲ့ဝင်များ၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အမှုဆောင်အရာရှိချုပ်များ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးရေး အတွက် အရေးကြီးသည့် ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေး မူဝါဒနှင့် ငွေကြေးမူဝါဒများကို ဟန်ချက်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ဘဏ်များအားလုံး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း၍ ဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူများအကြား ဘဏ်အသုံးပြုမှုပိုမိုများလာပြီး ဘဏ်လုပ်ငန်းစနစ်အပေါ် ယုံကြည်မှု တိုးတက်တည်ဆောက်နိုင်ခဲ့ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ဘဏ်များအခက်အခဲ ကြုံတွေ့ရစဉ် Liquidity Support ဆောင်ရွက်ပေးခဲ့ခြင်း၊ လိုက်နာရမည့် သတ်မှတ်အချိုးများကို ဖြေလျှော့ပေးခဲ့ခြင်း၊ ဘဏ်တစ်ဘဏ်ချင်းအလိုက် လိုအပ်ချက်အပေါ်မူတည်၍ ပံ့ပိုးပေးခဲ့ခြင်း စသည်တို့ကို ဆောင်ရွက် ခဲ့ပါကြောင်း၊ ဘဏ်များ၏ ဝန်ဆောင်မှုကောင်းသထက် ကောင်းအောင်၊ စီမံခန့်ခွဲသူများက ဦးဆောင်ပြီး ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ ဘဏ်များ အနေဖြင့် လုပ်ငန်းအောင်မြင် တိုးတက်ရေးအတွက် ဗဟိုဘဏ် ၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။
ယင်းနောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ဘဏ်များအတွက် လိုအပ်သည့် ငွေသားလွယ်ကူမှု ပံ့ပိုးပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံခြားသုံးငွေဆိုင်ရာ သတ်မှတ်ချက်များ၊ ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆက်လက်လိုက်နာ ဆောင်ရွက်သွားရန် လိုအပ် ကြောင်းကိုလည်းကောင်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဘဏ်များ အားလုံးသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံ့စီးပွားရေး အခြေအနေအရ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုး စေရန် လိုက်လျောညီထွေရှိမည့် ငွေကြေးမူဝါဒ နည်းလမ်းများနှင့် ဘဏ်များတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ပြေလည်စေမည့် နည်းလမ်းများ၊ ဖြေလျှော့မှုများကို ချမှတ်အကောင်အထည်ဖော် လျက်ရှိကြောင်းကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဘဏ်များအသင်းမှဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ ဒုတိယဥက္ကဋ္ဌ ဦးတိုးအောင်မြင့်၊ နာယက ဦးခင် မောင်အေးနှင့် အမှုဆောင်အဖွဲ့ဝင် များကလည်းကောင်း၊ ယူအေဘီ ဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးနေအေး၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် လီမိတက် အမှုဆောင် အရာရှိချုပ် ဦးအောင်ကျော်ငြိမ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးသန်းရီနှင့် ကမ္ဘောဇဘဏ်လီမိတက် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မျိုးတို့က လည်းကောင်း ဗဟိုဘဏ်၏ လမ်းညွှန်မှုနှင့်အညီ ဘဏ်လုပ်ငန်းကဏ္ဍ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်မှု၊ ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်များ၊ အကြံပြုချက်များကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက မြန်မာနိုင်ငံဘဏ်များ အသင်း ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ဘဏ်ဥက္ကဋ္ဌများ၏ ဆွေးနွေးအကြံပြုချက်များဆိုင်ရာ ပြန်လည်ဆွေးနွေးခြင်းကိုလည်းကောင်း၊ ဤကဲ့သို့ ဗဟိုဘဏ်နှင့် မြန်မာ နိုင်ငံဘဏ်များအသင်း အကြား တွေ့ဆုံဆွေးနွေးခြင်းများကို ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဤအစည်းအဝေး၌ ဆွေးနွေးချက်များနှင့်အညီ ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်စွာ ဖွံ့ဖြိုးရေးအတွက် ဆက်လက် ကြိုးပမ်းကြရန် တိုက်တွန်းချက်ကိုလည်းကောင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်