Skip to main content

Kaung For You ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ခြောက်လှန့်မှုတွေကြောင့် ကျောင်းတက်ခဲ့ရတဲ့ ကျောင်းသားတွေ၊ ကျောင်းအပ်ခဲ့ရတဲ့ ကျောင်းသားမိဘတွေကို ကျွန်တော်တို့ အရေးယူဖို့ မရှိဘူးလို့ပဲ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောချင်ပါတယ်

မေး။   လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက NUG အကြမ်းဖက် အဖွဲ့ရဲ့စီမံမှုနဲ့ အွန်လိုင်းကနေ စာသင်မယ်လို့ ပြောထားတဲ့ Kaung For You ကျောင်းကိစ္စနဲ့ပတ်သက်ပြီး မေးချင်လို့ပါရှင့်၊ အဲဒီ Kaung For You တရားမဝင်ကျောင်းရဲ့ ကျောင်းတာဝန်ခံဆိုသူနဲ့ အပေါင်းအပါနှစ်ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းပြီးချိန်မှာ အခုဆိုရင် တရားမဝင်မီဒီယာအချို့ အပါအဝင် Social Media တွေမှာ Kaung For You နဲ့ ပတ်သက်တဲ့ဝန်ထမ်းအဖြစ် လျှောက်ထားမယ့်သူတွေ၊ ကျောင်းသားမိဘတွေကို လက်ရှိနေရာ အသီးသီးကနေ ထွက်ပြေး တိမ်းရှောင်ဖို့ ခြောက်လှန့်လုပ်ဆောင်နေတာတွေကို တွေ့ရပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်သွားမယ့် အခြေအနေတွေကို ဖြေကြားပေးစေလိုပါတယ်။

ဖြေ။    ကျွန်တော်တို့ အစိုးရအနေနဲ့ အခမဲ့ပညာရေးစနစ်နဲ့ ကျောင်းတွေအားလုံးဖွင့်လှစ်နိုင်ဖို့ ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမှာလည်း ကျောင်းတွေ ဖွင့်လှစ်ပေးခဲ့တယ်။ ပညာရေးကဏ္ဍ မြှင့်တင်ရေးကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ပြည်သူလူထုအနေနဲ့ အခမဲ့ပညာရေးစနစ်နဲ့ ဆက်လက်သင်ကြားနိုင်အောင် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးခဲ့တာကိုလည်း အားလုံးအသိပဲဖြစ်ပါတယ်။ ပြဋ္ဌာန်းစာအုပ်တွေ၊ ဗလာစာအုပ်တွေနဲ့ သင်ထောက်ကူပစ္စည်းတွေကို အခမဲ့ဖြန့်ဝေပေးခဲ့ပါတယ်။ အခုလိုမျိုး ဆောင်ရွက်နေတဲ့ အချိန်မှာ NUG အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းရဲ့ သွေးထိုးလှုံ့ဆော်မှု ကြောင့် တချို့သော ဆရာ ဆရာမတွေ CDM လုပ်ခဲ့ ကြပါတယ်။ အဲဒီအပေါ်မှာလည်း ကျောင်းသား ကျောင်းသူတွေရဲ့ ပညာရေးထိခိုက်မှုမရှိစေဖို့အတွက် အစိုးရအနေနဲ့ CDM လုပ်တဲ့ တချို့သော ဆရာ ဆရာမတွေကို နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းနဲ့အညီ ပြန်လည်လက်ခံခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါမျိုးတွေ လုပ်ဆောင်ပေးနေပေမယ့် တချို့ကတော့ ဒီအချိန်အထိ အပြင်ဘက် ကနေပြီး အွန်လိုင်းပညာရေးလိုမျိုးကိစ္စတွေကို ဆောင်ရွက်နေတာရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အတွက် ကျွန်တော်တို့စစ်ဆေးကြည့်တဲ့အခါမှာ ငွေရေးကြေးရေးကောက်ခံ ခဲ့တာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ ငွေရေး ကြေးရေးအရ အခက်အခဲရှိရင်တောင်မှ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေရဲ့အချက် အလက်တွေ သူတို့လက်ထဲမှာရှိတယ်ဆိုပြီး မပေး ပေးအောင် ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ပထမဦးဆုံးအလေးအနက်ထား ပြောကြားလိုတာကတော့ ဒီသွေးထိုးလှုံ့ဆော်မှုတွေနဲ့ ခြောက်လှန့်မှုတွေကြောင့် ကျောင်းတက်ခဲ့ရတဲ့ ကျောင်းသားတွေ၊ ကျောင်းအပ်ခဲ့ရတဲ့ ကျောင်းသားမိဘတွေကို ကျွန်တော်တို့အရေးယူဖို့ မရှိဘူးလို့ပဲ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောချင်ပါတယ်။ ကျွန်တော်တို့ဖမ်းမိခဲ့တဲ့ အဖွဲ့အစည်း တစ်ခုကိုပဲ ထောက်ပြတာ ဖြစ်ပါတယ်။ Kaung For You ဆိုတဲ့အဖွဲ့သည် ကျောင်းသားမိဘ တွေဆီက ငွေကြေးကောက်ခံတယ်။ ကောက်ခံရရှိတဲ့ ငွေတွေနဲ့ သူတို့ဘာလုပ်တယ်ဆိုတာကို ကျွန်တော်တို့က သူတို့ကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှာ ဖမ်းဆီးရမိတဲ့အချိန်မှာ သိခဲ့ရပါတယ်။ ဖမ်းဆီးရမိတဲ့ကိစ္စကိုလည်း ကျွန်တော်တို့ သတင်းထုတ်ပြန်ထားပါတယ်။ ကျောင်းသားမိဘတွေဆီက ကောက်ခံရရှိတဲ့ငွေကြေးတွေကို အခကြေးငွေပေးပြီး အမျိုးသမီးတွေနဲ့ပျော်ပါးတဲ့ နေရာမှာအသုံးပြုခဲ့တာကို တွေ့ရပါတယ်။ ဒီကိစ္စကိုလည်း ဓာတ်ပုံအထောက်အထားတွေနဲ့လည်း ကျွန်တော်တို့ဖော်ပြပြီးဖြစ်ပါတယ်။ ဒါကိုပဲ ပြည်ဖျက် မီဒီယာတွေက သူရဲကောင်းကြီးတွေသဖွယ် ဖော်ပြရေးသားနေကြတာကိုတွေ့ရပါတယ်။ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေကို ဆက်လက်ပြီးတော့ သိမ်းသွင်းနေတာကို တွေ့ရပါတယ်။ ပိုပြီးဆိုးတာက ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေကို အစိုးရက ဖမ်းဆီးလိမ့်မယ်ဆိုပြီးတော့ လှုံ့ဆော်နေတာကို တွေ့ရပါတယ်။ အဲဒါကိုအခွင့်ကောင်း စောင့်ဆိုင်းနေတဲ့ EAO အဖွဲ့က ပိုပြီးဆိုးလာပါတယ်။ PDF အမည်ခံ အကြမ်းဖက်သမားတွေ ကလည်း သူတို့ဆီကိုလာပြီး ခိုလှုံပါဆိုပြီး သိမ်းသွင်းနေတာ ကိုတွေ့ရပါတယ်။ သူတို့ဘာကြောင့် ဒီလိုမျိုးလုပ် နေတာလဲဆိုရင် နံပါတ် ၁ အချက်က သူတို့တွေရဲ့ မဟုတ်တာလုပ်တာတွေကို ကျွန်တော်တို့အနေနဲ့ ဖော်ထုတ်နိုင်ခဲ့တယ်၊ သက်သေအထောက်အထားတွေနဲ့ ချပြနိုင်ခဲ့တဲ့ အခါမှာ သူတို့အနေနဲ့ ဒါကိုပြန်ပြီး အဖတ်ဆယ်တာဖြစ်တယ်။ နံပါတ် ၂ အချက်ကတော့ သူတို့အနေနဲ့ အင်အားနည်းပါးနေတာရှိတယ်၊ ပြိုကွဲနေတာတွေရှိတယ်၊ သူတို့မဟုတ်တာတွေ လုပ်နေတာကို ပြည်သူတွေသိပြီးတဲ့နောက်မှာ ပြည်သူတွေအနေနဲ့ သူတို့ကိုဆန့်ကျင်လာတယ်။ အဲဒီလိုအခြေအနေတွေကို အဖတ်ဆယ်နိုင်ဖို့အတွက် အခုလိုလုပ်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အခုအချိန်မှာ ၅၀၅ နဲ့ တရားစွဲခံထားရတဲ့သူတွေ၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေထဲမှာ လမ်းမှားရောက်နေတဲ့သူတွေအထဲက ရာဇဝတ်မှုမကျူးလွန် ထားတဲ့သူတွေကို တောင် ပြန်လည်လက်ခံနေတာ ဖြစ်ပါတယ်။ အခုလက်ရှိအခြေအနေအထိ ကျွန်တော်တို့အနေနဲ့ ရာဇဝတ်မှုမကျူးလွန်ခဲ့တဲ့ PDF အဖွဲ့ထဲကို လမ်းမှားရောက်သွားတဲ့ လူငယ်တွေကို လက်ခံပြီးတော့ မိဘလက်ထဲကို ပြန်လည်အပ်နှံနေတာ အယောက် ၂၅၀ နီးပါး ရှိပြီးဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စု၊ ပါတီစုံဒီမိုကရေစီစနစ် ကို ကျွန်တော်တို့ခိုင်ခိုင်မာမာ အာမခံထားတာရှိပါ တယ်။ ဒါတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်တည် ဆောက်ရေးကို ဝိုင်းဝန်းလုပ်ဆောင်နိုင်ဖို့ ကျွန်တော် တို့လက်ခံနေတာတွေရှိပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ် နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့သူတွေ ဦးစီးဦးဆောင် လုပ်နေတဲ့သူတွေနဲ့ ဒီဖြစ်စဉ်မှာ လူငယ်တွေကို လမ်းမှားရောက်အောင်တွန်းပို့နေတဲ့ လူတွေမှအပ သွေးဆောင်ဖြားယောင်းခံရတဲ့ မိဘတွေနဲ့ ကျောင်းသားတွေကို အရေးယူဖို့ မရှိပါဘူးလို့ပဲ ကျွန်တော်ပြောလိုပါတယ်။ ကျောင်းသားများနဲ့ မိဘများအနေနဲ့ကလည်း မိမိတို့သားသမီးတွေရဲ့ပညာရေးကို နည်းမှန်၊ လမ်းမှန်နဲ့ ဆောင်ရွက်ကြဖို့၊ မိမိရဲ့မိသားစု အရေးကို နည်းမှန်၊ လမ်းမှန်နဲ့ ဆောင်ရွက်ကြဖို့ အသိပေး ပြောကြားလိုပါတယ်။