နေပြည်တော် ဇူလိုင် ၁၈
ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူတို့၏ အသက်မွေးဝမ်းကျောင်း မြှင့်တင်ပေးရန် ရည်ရွယ်သည့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းနည်းစနစ် ဖွံ့ဖြိုးစေခြင်း စီမံကိန်း၏ ကနဦး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်တွင် ကျင်းပသည်။
အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး နေ့စဉ်လူမှု စီးပွားရေးအတွက် သစ်တောများအပေါ် မှီခိုမှုမြင့်မားလျက်ရှိကြောင်း၊ လက်ရှိနှင့် နောင်အနာဂတ် မျိုးဆက်များအတွက် သစ်တောသယံဇာတ လိုအပ်ချက်များ စဉ်ဆက်မပြတ် ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် သစ်တောစီမံ အုပ်ချုပ်မှု ဖြစ်ပေါ်လာစေရန် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများကို ၁၉၉၅ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း။
သစ်တောဦးစီးဌာနအနေဖြင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူများ ပိုမိုသိရှိ နားလည်စေရန် အသိပညာပေးခြင်း၊ အခြေခံသင်တန်းများ ပို့ချခြင်း၊ စိုက်ပျိုးနည်းစနစ်နှင့် သရုပ် ပြသီးနှံသစ်တော ရောနှော စိုက်ခင်း တည်ထောင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ၏ အခြေခံစားဝတ်နေရေး ဖူလုံစေခြင်း၊ သစ်တောများ စိုက်ပျိုးပြုစု ထိန်းသိမ်း တတ်လာစေခြင်း၊ စီးပွားရေး လုပ်ငန်းအသွင်ဖြင့် တန်ဖိုးမြှင့် ထုတ်လုပ်လာနိုင်ခြင်း စသည့် ဆင့်ကဲတိုးတက်မှုများ ရရှိလာစေမည့်အပြင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများ ပေါ်ထွက်လာမည် ဖြစ်သဖြင့် အထူးအလေးထား ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
အဆိုပါစီမံကိန်းအား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ တွင် စီမံကိန်းကာလ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ သတ်မှတ်၍ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း နည်းစနစ်အခြေပြုသည့် ဒေသအစုအဖွဲ့ပိုင် သစ်တောများ ပေါ်ထွက်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီးက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်