နေပြည်တော် ဇူလိုင် ၁၈
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် နောက်ဆုံးနှစ်စာမေးပွဲများကို ဖြေဆိုအောင်မြင်ပြီး သက်ဆိုင်ရာဆေးတက္ကသိုလ်များ၏ သင်ကြားရေး ဆေးရုံများနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် ယနေ့မှစ၍ အလုပ်သင်ဆရာဝန်အဖြစ် (၁)နှစ် တာဝန်ထမ်းဆောင်ကြမည့်သူများ ကြိုဆိုနှုတ်ခွန်းဆက် အခမ်းအနားကို ဆေးတက္ကသိုလ် (၁)ရန်ကုန် ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန Recreation Center (8th Floor)၌ ယနေ့နံနက် ၉ နာရီတွင် Semi Virtual စနစ်ဖြင့် ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်မှုရရှိစေရန်အတွက် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ အလုံအလောက်မွေးထုတ်ပြီး စဉ်ဆက်မပြတ် လေ့ကျင့်ပေးနိုင်ရန် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနနှင့် ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားစုများတွင် ပါဝင်သည့် ဆရာဝန်များ၊ သွားဘက်ဆိုင်ရာ ဆရာဝန်များ၊ ဆေးဝါးပညာရှင်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင် များ၊ သူနာပြုများ၊ အခြေခံ ကျန်းမာရေး ပညာရှင်များကို လေ့ကျင့်မွေးထုတ်ပေးခဲ့ရာ ယနေ့အထိ ဆရာဝန် ၄၇၃၁၃ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် ၅၄၂၇ ဦး၊ ဆေးဝါးပညာရှင် ၄၂၀၃ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင် ၄၅၀၁ ဦး၊ သူနာပြုသိပ္ပံဘွဲ့ရ ၉၄၅၄ ဦး၊ အခြေခံကျန်းမာရေး ပညာရှင် ၂၃၅၆ ဦးတို့ကို မွေးထုတ် ပေးပြီးဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ဒီပလိုမာ၊ မဟာသိပ္ပံ နှင့် ပါရဂူ/ဆေးလက်တွေ့ပါရဂူ ဘွဲ့လွန်သင်တန်း အမျိုးအစား ၁၄၀ ကို ဖွင့်လှစ်ပို့ချပေးလျက် ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ ဒီပလိုမာဘွဲ့ရရှိသူပေါင်း ၃၇၂၇ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ရရှိသူပေါင်း ၁၀၉၃၆ ဦး၊ ပါရဂူဘွဲ့ ရရှိသူပေါင်း ၁၅၀၆ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
ယခုကဲ့သို့ အလုပ်သင် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခြင်းသည် အများပြည်သူအတွက် အကျိုးရှိစေခြင်း၊ ပရဟိတနှင့် မိမိတို့၏ ပညာရပ်ဆိုင်ရာနယ်ပယ်တွင် အသုံးချခွင့်၊ လေ့လာဆည်းပူး ခွင့် ရရှိစေခြင်း၊ အတ္တဟိတစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ ဆရာဝန်များ၏ အဓိဋ္ဌာန်ပြု ကတိသစ္စာအတိုင်း မိမိတို့တတ်မြောက်ထားသည့် ဆေးပညာရပ်များကို လက်တွေ့အသုံးချပြီး ဆရာဝန်တစ်ယောက်၏ စစ်မှန်သောခံယူချက်၊ Profe-ssional တစ်ဦး ပီပီသသဖြင့် ပြုစုကုသပေးပါက ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြမည်ဖြစ်ပါကြောင်း၊ ယခုလို ဆရာဝန်တစ်ဦးဖြစ်အောင် ပညာသင်ကြား မွေးထုတ်ပေးလိုက်သည့် မိဘ၊ ဆရာနှင့် နိုင်ငံတော်၏ ကျေးဇူးတရားကို သိတတ်၍ နိုင်ငံ တော်၏ တစ်ထောင့်တစ်နေရာမှ ပါဝင်၍ ကျေးဇူးဆပ်စေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ခင်မောင်အေးက ဆရာဝန်တစ်ဦး လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ လူနာများကို ပြုစုကုသရာတွင် လူမျိုး၊ ဘာသာ၊ ဆင်းရဲ / ချမ်းသာ၊ အသက်အရွယ်၊ ကျား/မ၊ နိုင်ငံရေးခံယူချက်မတူကွဲပြားခြင်း စသည့် အချက်များအပေါ် အခြေမခံဘဲ လူနာတိုင်းကို ဆရာဝန်တစ်ဦး၏ ကျင့်ဝတ်နှင့်အညီ ပြုစုကုသပေးရေး၊ မည်သည့်အခြေအနေ အချိန်အခါတွင်မှ လူနာများကို စွန့်ခွာမသွားရေးတို့ကို မှာကြားသည်။
ယင်းနောက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က အလုပ်သင် ဆရာဝန်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
(၂၀၂၂-၂၀၂၃) ခုနှစ်တွင် ရန်ကုန်၊ မန္တလေးနှင့် မကွေးဆေးတက္ကသိုလ်များမှ အလုပ်သင် ဆရာဝန် ၃၃၂ ဦး၊ ရန်ကုန်၊ မန္တလေးသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များမှ အလုပ်သင် ဆရာဝန် ၆၆ ဦး စုစုပေါင်း ၃၉၈ ဦးတို့သည် ဇူလိုင် ၁၈ ရက်မှစ၍ အလုပ်သင်ဆရာဝန်များ အဖြစ် စတင်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်