Skip to main content

ပထမဆုံးအကြိမ် လက်နက်၊ ခဲယမ်းများဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

နေပြည်တော် ဇူလိုင် ၁၈

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့၊ နယ်မြေခံသင်တန်းကျောင်းခန်းမ၌ ပထမဆုံးအကြိမ် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့သည့် PDF အဖွဲ့ဝင်များအား ကြိုဆိုလက်ခံ၍ လက်နက်၊ ခဲယမ်းများလွှဲပြောင်း လက်ခံရယူပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်းကို ပြုလုပ်ကြသည်။

ဦးစွာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ဘုတ်ပြင်းမြို့နယ်နှင့် တနင်္သာရီမြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့သယ်ဆောင်လာသည့် လက်နက်၊ ခဲယမ်းများကို လွှဲပြောင်းရယူ၍ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြပြီး မိဘအုပ်ထိန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်းနှင့် ၂၀၂၂ ခုနှစ်၊ ဇွန် ၆ ရက်မှ ယနေ့ထိ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၁၈၁ ဦး၊ အမျိုးသမီး ၅၀ စုစုပေါင်း ၂၃၁ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။