နေပြည်တော် ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၌ ဇူလိုင်လ ၁၇ ရက်ညပိုင်းက အကြမ်းဖက် သမားတစ်ဦးက အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန် လက်ပစ်ဗုံးအား ဆိုင်ကယ်ဖြင့် သယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သယ်ဆောင်လာသည့် အကြမ်းဖက်သမားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၇ ရက် ည ၈ နာရီခွဲအချိန် ကျောက်တန်းမြို့နယ်၊ ခနောင်ကျေးရွာအနီး ကမာကလုတ်ကျေးရွာသွားကားလမ်းပေါ်ရှိ တယောဘုတ်တံတားအနီး၌ မောင်းနှင်နေသည့် ဆိုင်ကယ်ပေါ်မှ ပေါက်ကွဲမှုဖြစ်ပွား၍ ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် လဲကျနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အသက် (၄၀)နှစ်ခန့်၊ ဝဲမျက်လုံးချို့ယွင်းနေသည့် အမျိုးသားတစ်ဦး (စိစစ်ဆဲ)အား ဝဲလက်ကောက်ဝတ်မှ ပြတ်ကာ၊ ယာလက်ချောင်းများ၊ လည်ပင်း၊ မေးစေ့နှင့် ဝဲခြေသလုံးတို့ ပေါက်ပြဲပွင့်ထွက် ဒဏ်ရာများဖြင့် သေဆုံးနေပြီး ၎င်းစီးနင်းလာသည့် ၄၁ယ/၉၉၄၉ နံပါတ်တပ်ဆင်ထားသည့် CZI အမျိုးအစား တရုတ်နိုင်ငံထုတ် မော်တော်ဆိုင်ကယ် ၁ စီးနှင့် အနက်ရောင် ဘေးလွယ်အိတ် တစ်လုံးတို့အား ၎င်း၏အနီးမှ တွေ့ရှိရသဖြင့် အနက်ရောင်ဘေးလွယ်အိတ်အား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အိတ်အတွင်းမှ အမျိုးအစား(စိစစ်ဆဲ) လက်ပစ်ဗုံး ၁ လုံးအား တွေ့ရှိရသဖြင့် ဖောက်ခွဲရှင်းလင်းခဲ့ပါသည်။
ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် အကြမ်းဖက်သမားနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော စုံစမ်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။