Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ (၂၀၂၂-၂၀၂၆) တွင် ပါဝင်တာဝန်ထမ်းဆောင်ကြမည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇူလိုင် ၁၈

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည်ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)ရှိ  ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (၂၀၂၂-၂၀၂၆ ခုနှစ်) တွင် ပါဝင်တာဝန်ထမ်း ဆောင်ကြမည့်ပုဂ္ဂိုလ်များကို ဂုဏ်ပြုကြိုဆိုသည့်  ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ် နိုင်ငံတကာဆက်ဆံရေးနှင့် သံခင်းတမန်ခင်းတွင် သံတမန်နည်းလမ်းသွယ်-၂ သည် ယခင်ကထက် ပိုမိုအရေးပါကာ အသိပညာရှင်အဖွဲ့များ၏ကွန်ယက်နှင့် အခန်းကဏ္ဍသည် များစွာကျယ်ပြန့်နက်ရှိုင်းနေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ လက်ရှိနိုင်ငံတကာဆက်ဆံ‌ရေးစိန်ခေါ်မှုများတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် မဟာဗျူဟာကျသည့် အခန်းကဏ္ဍတွင် တည်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် ပြည်တွင်းပြည်ပရှိ အသိပညာရှင်များ၊ အဖွဲ့အစည်းများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ပြီး အတွေးအခေါ်နှင့် အသိ ပညာဗဟုသုတများ ဖလှယ်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးရှိမည့် မူဝါဒရေးရာ အဆိုပြုချက်များ၊ အကြံပြုချက်များ ဖော်ထုတ်ပေးရန် လိုအပ်ပါကြောင်းနှင့် နိုင်ငံခြား‌ရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ယူ​ဆောင်ရွက်လျက်ရှိသည့် အရာထမ်း/အမှုထမ်းများအတွက် အဆင့်အမျိုးမျိုးသော သင်တန်းများတွင် ပညာရပ်နှင့် ဘာသာရပ်ဆိုင်ရာတို့တွင် ပံ့ပိုးကူညီပေးသွားရန် မေတ္တာရပ်ခံ လိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် နိုင်ငံခြားရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ဥပဒေရေးရာ၊ စီးပွားရေးစသည့် ဘာသာရပ်နယ်ပယ်အသီးသီးတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုးဖောက်သွားနိုင်ရန် ဆက်လက်ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (၂၀၂၂-၂၀၂၆) ကို အတွေ့အကြုံ၊ ဗဟုသုတများကြွယ်ဝသည့် ဒုတိယဝန်ကြီးများ၊ အငြိမ်းစားသံအမတ်ကြီး၊ နိုင်ငံခြားရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ဥပ‌ဒေရေးရာ၊ စီးပွားရေးစသည့် ဘာသာရပ်များအလိုက် ပညာရှင်များ၊ ကျွမ်းကျင်သူများသည် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

အဖွဲ့၏ ရည်ရွယ်ချက်မှာ လက်ရှိဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို လေ့လာသုံးသပ်၍ သုတေသနပြုကာ အတွေးအခေါ်သစ်များနှင့် မူဝါဒရေးရာ အကြံပြုချက်များ ဖော်ဆောင်နိုင်ရန်နှင့် သံတမန်နည်းလမ်းသွယ်-၂ ကို ထိရောက်စွာအသုံးပြု၍ နှစ်ဘက်အကျိုးတူ စိတ်ပါဝင်စားသည့် ကိစ္စရပ်များနှင့် စိုးရိမ်မကင်းဖြစ်ရသည့် ကိစ္စရပ်များတွင် ပြည်တွင်းပြည်ပရှိ အသိပညာရှင်အဖွဲ့များနှင့် ရင်းနှီးနွေးထွေးစွာ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ကို ယခင်က မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာနအမည်ဖြင့် ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် လက်ရှိအမည်ဖြင့် ပြန်လည်ဖွဲ့စည်းတည်ထောင်ကာ (၄) နှစ်သက်တမ်းရှိသည့် ဘုတ်အဖွဲ့များဖြင့် စဉ်ဆက်မပြတ် ဖွဲ့စည်းထားရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းထားရှိသည့် အသိပညာရှင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (၂၀၂၂-၂၀၂၆ ခုနှစ်) တွင် ပါဝင်တာဝန်ထမ်းဆောင်ကြမည့် ဝါရင့်အကြံပေးအဖွဲ့နှင့် အမှုဆောင်အဖွဲ့တို့မှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)