Skip to main content

ရေဆင်းစက်မှုလယ်ယာသင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၁၆ ရက်က နေပြည်တော်ရေဆင်းရှိ စက်မှုလယ်ယာသင်တန်းကျောင်း တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။

ရှင်းလင်းတင်ပြ

ဦးစွာ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သင်တန်းကျောင်းအုပ်ကြီးတို့က တောင်သူများအတွက် ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ စပါးရိတ်သိမ်း ခြွေလှေ့စက်၊ ကောက်စိုက်စက်နှင့် မျိုးစေ့ချစက်များ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းများ ဖွင့်လှစ်ပေးနေမှု၊ ဌာနတွင်းဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများနှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးနေမှု၊ လုပ်ငန်းခွင်ဝင် သင်တန်းများ သင်ကြားပို့ချနေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လယ်ယာသုံးစက်ကိရိယာများ ကိုင်တွယ်အသုံးပြုခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းနည်းပညာ၊ အတတ်ပညာများကို တောင်သူမိသားစုများ ကိုယ်တိုင်ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်ရေး၊ ပုဂ္ဂလိကလယ်ယာဝန်ဆောင်မှု လုပ်ငန်းခွင်မှလုပ်သားများ၏ စွမ်းဆောင်ရည်ပြည့်ဝရေးအတွက် စနစ်တကျလေ့ကျင့် သင်ကြားပေးနိုင်ရန်လိုကြောင်း၊ စက်မှုလယ်ယာလုပ်ငန်းခွင်အတွက် ကျွမ်းကျင်သော လူသားအရင်းအမြစ်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး၊ မြေပြင်ထွန်ယက်သည်မှ ရိတ်သိမ်းခြွေလှေ့သည်အထိ အသုံးပြုရန်လိုအပ်သော စက်ကိရိယာများကိုခွဲခြားပြီး ထိရောက်သည့် သင်ကြားပေးမှုဖြစ်ရန် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးမှာကြားပြီး သင်ကြားမှုအထောက်အကူပြု စက်ကိရိယာပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း(AERDTC)သို့ ရောက်ရှိပြီး သင်တန်းပို့ချဆွေးနွေးမှုများတွင် ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး သင်တန်းခန်းမများ၊ စားရိပ်သာဆောင်နှင့် သင်တန်းသားအိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးကြသည်။

အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့ဘဏ်တွင် သီးနှံ မျိုးများအလိုက်၊ မျိုးကွဲမျိုးစိတ်များအလိုက် မျိုးစေ့များစုဆောင်းထိန်းသိမ်းထားရှိမှုနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း၊ စာကြည့်တိုက်နှင့် သင်တန်းခန်းမများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်