နေပြည်တော် ဇူလိုင် ၁၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီအားကစား ပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း မိုးလုံလေလုံအားကစား (A) ရုံ၌ ကျင်းပသည်။
ရွေးချယ်ဖွဲ့စည်းသွားမည်ဖြစ်
ဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီအားကစားပြိုင်ပွဲများကို ကျင်းပပေးရခြင်းသည် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာရေးအတွက် ကျင်းပခြင်းဖြစ်ပြီး မကြာခင်ကျင်းပမည့် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဘောလုံး(အမျိုးသား) ပြိုင်ပွဲ၊ ဘော်လီဘော(အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတို့တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ကိုယ်စားပြုအသင်းများအနေဖြင့် အရည်အသွေးရှိရှိ၊ အဆင့်အတန်းမီမီ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစားသမားများ ရွေးချယ်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယခုပြိုင်ပွဲမှတစ်ဆင့်ဝန်ကြီးဌာန လက်ရွေးစင်အသင်း ထိုမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံး(အမျိုးသား) ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲတို့တွင် တတိယဆုရရှိသည့်အသင်းနှင့် ဒုတိယဆုရရှိသည့်အသင်းများကို ဆုများပေးအပ်ချီးမြှင့်ပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဘောလုံး(အမျိုးသား)ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနအသင်းကို ဆုပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြည်ထောင်စုဝန်ကြီးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနအသင်းကိုလည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနအသင်းကိုလည်းကောင်း၊ ဘော်လီဘော (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအသင်းကိုလည်းကောင်း၊ ဘောလုံး(အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အသင်းတို့ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
ယှဉ်ပြိုင်ကစားခဲ့
အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီအားကစားပြိုင်ပွဲများဖြစ်သော ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို အသင်းခြောက်သင်းဖြင့်လည်းကောင်း၊ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို အသင်းလေးသင်းဖြင့်လည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်းခြောက်သင်းဖြင့်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
သတင်းစဉ်