Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ မိုဘိုင်းလ်ဖုန်းအပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၇

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၅ ရက်က ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဘားအံပြည်နယ်မှူးဦးစီးသည့်အဖွဲ့သည် မြဝတီ-မော်လမြိုင် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် စစ်ဆေးမှုများဆောင်ရွက်နေစဉ် ကျားက လေးလမ်း ကျုံဖဲကျေးရွာအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အေးခဲအသားတုမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသော တိုယိုတာ ဟိုင်းလပ် ဗင်ဂို အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၃၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ ဦးဆောင်၍ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့စုံဖြင့် မူဆယ်မြို့ စွမ်စော်ရပ်ကွက် နမ့်ခမ်းသွားလမ်း မြေနီကားကွင်းအနီး၌ နမ့်ခမ်းမြို့ဘက်မှ ဝင်ရောက်လာသော ကုန်တင်ယာဉ်နှစ်စီးကို သွားရောက်စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက် အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်မုန့်မျိုးစုံ၊ လူသုံးကုန်နှင့် မိုဘိုင်းလ်ဖုန်းအပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၃၈၈၇၆၆)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၁၀၀၀၀၀၀)၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၆၉၃၈၈၇၆၆ ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၅ ရက်တွင် မြဝတီ-မော်လမြိုင် ကားလမ်းဘေးအတွင်းရှိ ကျုံစောက်ကျေးရွာ၌ ကုန်တင်ယာဉ်တစ်စီးပေါ်မှ စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ဂက်စ်အိုးခွံနှင့်ဆက်စပ်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၁၁၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော မစ်ဆူဘီရှီ ဖရူဆို အမျိုးအစားခြောက်ဘီးကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀၀)ကို လည်းကောင်း၊ မြဝတီ(OSS)ကုန်သွယ်ရေးဇုန်အတွင်း၌ ကုန်တင်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ဖိနပ်မျိုးစုံ(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၂၅၉၅၀)ကို လည်းကောင်း၊ ဇူလိုင် ၁၆ ရက်တွင် သံလွင်တံတား(ဘားအံ) စစ်ဆေးရေးဂိတ်၌ ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပြန်လည်ပြုပြင်ထားသော ဂျန်နရေတာတစ်လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းအား တင်ဆောင်လာသော နစ်ဆန်းဒီဇယ် အမျိုးအစား၂၂ ဘီး ကုန်တင်ယာဉ်တစ်စီးနှင့် နောက်တွဲယာဉ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀၀၀)ကို လည်းကောင်း၊ ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်လေးစီးပေါ်မှ အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၇၂၃၇၄၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ဇူလိုင် ၁၄ ရက်တွင် ပဲခူးမြို့နယ်အကောက်ခွန် ဦးစီးဌာနမှူးဦးဆောင်သော ပူးပေါင်းအဖွဲ့က ဘုရားကြီးတိုးဂိတ်အနီး ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော စက်ဘီးများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၃၅၀၀၀)နှင့် အဆိုပါစက်ဘီးများ တင်ဆောင်လာသော ဟီးနိုးအမျိုးအစား ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းအရလည်းကောင်း၊ ဇူလိုင် ၁၇ ရက် တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်တို့တွင် ကျွန်းသစ် ၁၇ ဒသမ ၃၉၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၄၉၀၂၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဝေါမြို့နယ် သပြေကန်ကျေးရွာအနီးတွင် လိုင်စင်မဲ့ ဟိုက်ဂျက် မော်တော်ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၃၈၄၀၂၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင် ၁၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပူးပေါင်းအဖွဲ့က ယင်းမာပင်မြို့နယ်တွင် ပိတောက်ခွဲသား ၀ ဒသမ ၇၁၉၂တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၄၆၇၂)ကို သစ်တောဥပဒေအရ လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ကိုင်းမြို့နယ်တွင် လိုင်စင်မဲ့ တိုယိုတာ လိုက်အေ့အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၇၄၆၇၂ ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင် ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၈ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၇၃၃၄၉၀၈ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်