Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ၊ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော် ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၁၅ ရက်နံနက်ပိုင်းတွင် ဒေသခံဘာသာရေးခေါင်းဆောင်များနှင့် လဟယ်မြို့ရှိ စာရာမေရိရိပ်သာခန်းမ၌တွေ့ဆုံ၍ ၎င်းတို့၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေတပ်စခန်းဌာနချုပ်(ဟုမ္မလင်း)ရှိ ရုနဒီရိပ်သာဧည့်ခန်းမ၌ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံကြရာ ဒေသခံတိုင်းရင်းသားများက ဟုမ္မလင်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ဒေသခံတိုင်းရင်းသားများအား စားသောက် ဖွယ်ရာများပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် နယ်မြေခံတပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအားတွေ့ဆုံကာ လိုအပ်သည်များကိုမှာကြားပြီး တပ်နယ်မိသားစုများအား စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ မြို့တော်ခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံပွဲသို့ တက်ရောက်ကြရာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းက ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးတွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ သာသနာ့ဇောတိက မြို့မကျောင်းသို့သွားရောက်၍ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူးဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၁၆ ရက်တွင် ဟုမ္မလင်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက် ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများအား တွေ့ဆုံပြီးတာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။