Skip to main content

နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁၇

နေပြည်တော် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း ၇ နာရီခွဲအချိန်တွင် ဒက္ခိဏသီရီမြို့နယ်၌ တည်ထားလျက်ရှိသော မာရဝိဇယရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ရာ အဓိကလမ်းမကြီးဖြစ်သည့် စံပယ်လမ်း လမ်းဘေးဝဲယာ၌ ကျင်းပပြုလုပ်ရာ သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်စိုက်ပျိုးပေးကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်တို့က သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ကိုယ်လှယ်များသို့ စိုက်ပျိုးမည့်ပျိုးပင်များ အသီးသီးပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်တို့က ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်များကို စတင်စိုက်ပျိုးပေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများမှ သတ်မှတ်နေရာများတွင် ကံ့ကော်(၁၁၈)ပင်၊ ခရေ(၅၈)ပင်နှင့် စိန်ပန်း(၅၈)ပင် စုစုပေါင်း(၂၃၄)ပင်ကို စိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်တို့ကသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရူအားပေးခဲ့ကြကြောင်း သိရှိရသည်။

(သတင်းစဉ်)