Skip to main content

လူငယ်ပရဟိတဂေဟာများမှ လူငယ်များ လေ့လာရေးအစီအစဉ် ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁၆

လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်နေသည့် လူငယ် ပရဟိတဂေဟာများမှ လူငယ်များကို ဖိတ်ကြား၍ လေ့လာရေး အစီအစဉ်များ ဆောင်ရွက်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် တာဝန်ရှိသူများ၊ မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ် (စမတောင်)နှင့် အဝါရောင်မျိုးဆက်သစ် ပရဟိတအသင်း(YGW)တို့မှ အုပ်ချုပ်သူ ကိုးဦးနှင့် ကျောင်းသား ကျောင်းသူ ၆၀ တက်ရောက်ကြသည်။

ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက အမှာစကား ပြောကြားပြီး မူလတန်းပြဆရာ ဦးချစ်ဦးက မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ် (စမတောင်)မှ လူငယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းအစီအစဉ်များကို လည်ကောင်း၊ မူလတန်းပြ ဆရာမဒေါ်မြဖူးငုံက အဝါရောင်မျိုးဆက်သစ် ပရဟိတအသင်း (YGW)မှ လူငယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)မှ သင်တန်းသား/သင်တန်းသူများ၏ တစ်နေ့တာလှုပ်ရှားမှု ဗီဒီယိုမှတ်တမ်းကိုပြသပြီး လူငယ်ရေးရာ ဦးစီးဌာန ဝန်ထမ်းလူငယ်များက ဦးဆောင်၍ လူငယ် ပရဟိတဂေဟာများမှ လူငယ်များကို အဖွဲ့များခွဲ၍ စုပေါင်း ဂိမ်းကစားခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် လူငယ်ရေးရာ ဦးစီးဌာနမှ ဝန်ထမ်းလူငယ်များက ဦးဆောင်၍ ကျောင်းသား ကျောင်းသူများကို အဖွဲ့များခွဲ၍ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဆက်လက် ကျင်းပလျက်ရှိသည့် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးပြီး ဝဏ္ဏသိဒ္ဓိ ရေကူးကန်တွင် အားကစားနှင့် ပညာရေး ပေါင်းစပ်ဌာနခွဲမှ သရုပ်ပြရေကူး အားကစားသမားများ၏ ရေကူးသရုပ်ပြနေမှုကို လည်းကောင်း၊ နေပြည်တော် မြန်မာ့အားကစား လှုပ်ရှားမှုများ ပြခန်းရှိ အားကစားပြတိုက်နှင့် ပြခန်းများကို လည်းကောင်း သွားရောက်ကြည့်ရှု လေ့လာကြသည်။

ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအား ကစားကွင်း အတွင်းရှိ အားကစားကွင်း/ အားကစားရုံများကို ကြည့်ရှု လေ့လာကြပြီး လူငယ်ရေးရာ ဦးစီးဌာနမှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာ သုံးဆောင်၍ လေ့လာရေး အစီအစဉ်များကို ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်