နေပြည်တော် ဇူလိုင် ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရာရှိ စွမ်းရည်မြှင့်သင်တန်း (၃/၂၀၂၂) ဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန သင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးဦးရဲတင့်က အမှာစကားပြောကြားရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်ကြီး သုံးရပ်နှင့်အတူ ဌာန၏ လုပ်ငန်းများ ပိုမိုတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်း စွမ်းဆောင်ရည်၊ လုပ်ရည်ကိုင်ရည်နှင့် အရည်အချင်းများ တိုးတက်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း။
ယခုသင်တန်းတွင် သင်ကြားခဲ့ရသည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချသွားရမည် ဖြစ်ကြောင်း၊ ထို့အတူ သင်တန်းတွင် သင်ကြားခဲ့ရသည့် အတွေ့အကြုံများကို မိမိကိုယ်တိုင် လိုက်နာ ဆောင်ရွက်ရမည့်အပြင် မိမိဝန်ထမ်း များကိုလည်း ပြန်လည်မျှဝေပေး ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသား ခေါင်းဆောင်ထံ သင်တန်းဆင်း လက်မှတ်များကို ပေးအပ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ ထိရောက် အောင်မြင်စေရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဦးချင်း စွမ်းဆောင်ရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ အရာရှိစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၃/၂၀၂၂)ကို နှစ်ပတ်ကြာဖွင့်လှစ် သင်ကြားပေးပြီး သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေးမှူး ၁၉ ဦး တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်