Skip to main content

လူဦးရေနှင့်အိမ်အကြောင်းအရာ နိုင်ငံနှင့်ပြည်သူအတွက် အရေးပါ

နိုင်ငံတွင်ရှိသည့် လူဦးရေနှင့် အိမ်အကြောင်းအရာများ ပြည့်စုံမှန်ကန်စွာ ရရှိထားမှသာ နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွားအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နယ်မြေဒေသများရှိ လူဦးရေနှင့် အိမ်အကြောင်းအရာများကို အစဉ်အမြဲ မှန်ကန်ပြည့်စုံအောင် ကောက်ယူထားနိုင်မှသာ ဒေသခံ ပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

ပြည်သူတို့သည် များသောအားဖြင့် မိမိတို့ဒေသတွင်သာ အတည်တကျ နေထိုင်ကြရာမှ ပြောင်းလဲလာသော လူမှုဘဝ အခြေအနေများအရ ရွှေ့ပြောင်း နေထိုင် လုပ်ကိုင်မှုများ ရှိလာကြသည်။ ထို့ကြောင့် လူဦးရေနှင့် အိမ်အကြောင်းအရာ အချက်အလက်များ မှန်ကန်စွာ ရရှိရန်အတွက် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကို ဆယ်စုနှစ်အလိုက် ဆောင်ရွက်ကြသည်။ တိုးပွားနေသောလူဦးရေနှင့် အတည်တကျ မရှိသော ရွှေ့ပြောင်းသွားလာ နေထိုင်မှုများကြောင့် တိကျမှန်ကန်သော လူဦးရေစာရင်း ရရှိရန်အတွက် အခက်အခဲများ ရှိမည်ဖြစ်ရာ မှန်ကန်သော အချက်အလက်များ ရရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက် ယူခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်က ဆောင်ရွက်ခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်၌ ၁၀ နှစ် ပြည့်ပြီဖြစ်၍ ပြောင်းလဲလာသော ကိန်းဂဏန်း အချက်အလက်များ မှန်ကန်စွာ ရရှိရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီ ဖြစ်သည်။ လာမည့်ကာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာရရှိရေး၊ နိုင်ငံသားတိုင်း အသိအမှတ်ပြု ကတ်ပြားတစ်မျိုးမျိုး မဖြစ်မနေရရှိရေး အတွက် ပန်းခင်းစီမံချက်ဖြင့် သတ်မှတ်ကာလအတွင်း ဆောင်ရွက်ခဲ့ရာ တိုင်းလုံး ကျွတ်လျာထားချက်ရာခိုင်နှုန်း ပြည့်မြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ ပေသည်။

၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ စာရင်း ကောက်ယူရာ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူရမည်ဖြစ်ရာ လုပ်ငန်းပမာဏ အများဆုံးနှင့် အကျယ်ပြန့်ဆုံးဖြစ်၍ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်း လုပ်ငန်းများကို အချိန်အကြာဆုံး၊ လူအင်အားနှင့် ငွေအင်အားအများဆုံး အသုံးပြုနေကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူစဉ်က GIS နည်းပညာဖြင့် မြေပုံရေးဆွဲခြင်း လုပ်ငန်းကို စတင်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အချက်အလက်များ မှန်ကန်စွာ ရရှိရေးအတွက် ရပ်ကွက်/ကျေးရွာ တည်နေရာပွိုင့်များ ကောက်ယူခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်နိုင်ရန် သင်တန်းများ ဖွင့်လှစ် ဆောင်ရွက်နေပြီ ဖြစ်သည်။

အဆိုပါ နိုင်ငံတော်စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများ အောင်မြင်စေရန် သက်ဆိုင်ရာဌာနများက ကြိုးပမ်းဆောင်ရွက်နေစဉ် အခြားအများပြည်သူနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများကလည်း လူဦးရေနှင့်အိမ် အကြောင်းအရာ စာရင်းများ တိကျမှန်ကန်စွာ ရရှိခြင်းသည် နိုင်ငံအတွက် အရေးပါပြီး ပြည်သူများ အကျိုးစီးပွားအတွက် များစွာ အထောက်အကူပြုပုံတို့ကို အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံပြုလုပ် ပေးသင့်သည်။ သို့မှသာ ပြည်သူများအမြင်တွင် နားလည် သဘောပေါက်ပြီး လုပ်ငန်းများ အောင်မြင်ရန်အတွက် ပြည်သူများ ပူးပေါင်းပါဝင်မှု အားကောင်းလာမည် ဖြစ်သည်။ မျက်မှောက်ကာလတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးပါလျက်ရှိရာ အများပြည်သူနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ အနေဖြင့် ပြည်သူများအား အကောင်းဆုံးဝန်ဆောင်မှု ပေးခြင်း၊ အကောင်းဆုံးကူညီ ဆောင်ရွက်ပေးခြင်း၊ အကောင်းဆုံး နွေးထွေးပျူငှာစွာ ဆက်ဆံခြင်းဖြင့် ပြည်သူများ ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကို နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယား ပြုစုခြင်း၊ လုပ်ငန်း ဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်း လုပ်ငန်းစဉ်လေးရပ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ အချိန် ၅၁ လခန့်ဖြင့် လျာထားဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ်က ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခဲ့ပြီး နှစ်ပေါင်း ၃၀ ကြာပြီးနောက် ၂၀၁၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံ လူဦးရေ ၅၁ ဒသမ ၅ သန်းရှိပြီး ပေါ်ထွက်လာသော စာရင်း အချက်အလက် ရလဒ်များအရ နိုင်ငံနှင့် လူမျိုးအတွက် သတိပြုဆင်ခြင် ပြုပြင်ပြောင်းလဲ ဖြည့်ဆည်း ဆောင်ရွက်ရမည့် အကြောင်းအရာများ ရရှိခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံနှင့် ပြည်သူများအတွက် အရေးပါသည့် ၂၀၂၄ ခုနှစ် လူဦးရေ နှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစီမံချက် အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက် ကြပါရန် တိုက်တွန်းအပ် ပါကြောင်း။ ။