Skip to main content

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားဖြောင့်မတ်မှုနှင့် ပွင့်လင်းမှုဂုဏ်ရည်

 

ဖြောင့်မတ်ခြင်းဟူသည် ကွေ့ကောက်၊ လိမ်လည်၊ လှည့်ဖြားခြင်းတို့ မရှိ၊ ပကတိ ရိုးသားမှန်ကန်ခြင်းပင် ဖြစ်သည်။ ဖြောင့်မတ်ခြင်းသည် လူတိုင်းတွင် ရှိသင့်သည့် ဂုဏ်ရည်တစ်ခုဖြစ်သည့် အားလျော်စွာ လူတို့အား ဖြောင့်မတ်ရန်၊ လွန်စွာဖြောင့်မတ်ရန် ဗုဒ္ဓမြတ်စွာဘုရားက သွန်သင် ဆုံးမတော်မူခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရယူရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားဖြောင့်မတ် ပွင့်လင်းသော ဦးဆောင်မှုကိုယုံကြည်၍ တိုင်းရင်းသားခေါင်းဆောင်များ တညီတညွတ်တည်း လိုက်ပါခဲ့ကြခြင်းဖြစ်သည်။

“အောင်ဆန်းအား ကျွန်ုပ်အနေဖြင့် ရုတ်ခြည်း အထင်ကြီးသွားစေသည့် အကြောင်းကား သူ၏ ပင်ကိုစရိုက်မှ ရိုးသားဖြောင့်မတ်မှု၊ ပွင့်လင်းမှုများ ပေါ်လွင် ထင်ရှားနေခြင်းပင် ဖြစ်၏။ အောင်ဆန်းသည် ငါတို့နှင့် အလုပ်လုပ်၍ ဖြစ်နိုင်မည့် လူကောင်း တစ်ယောက်ဟူ၍ ကျွန်ုပ်စိတ်ထဲ မှတ်ချက်ချလိုက် မိတော့သည်”ဟု ဗြိတိသျှအမှတ် ၁၄ စစ်တပ်သေနာပတိ ဗိုလ်ချုပ်ကြီး ဆာဝီလျံဆလင်းက ၎င်း၏ “အရှုံးမှအနိုင်သို့” အမည်ရှိသော စစ်မှတ်တမ်းစာအုပ်တွင် ရေးသားခဲ့သည်။ ဆာဝီလျံဆလင်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့တပ်မတော်တို့ကို ဂျပန်နှင့် ပူးပေါင်းသူအဖြစ် အထင်သေးခဲ့သူဖြစ်ပြီး မိတ္ထီလာမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံပြီးနောက် ယင်းကဲ့သို့ အမြင်ပြောင်းသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းအား ထိုခေတ်ပြည်သူလူထုက ကြည်ညိုလေးစားကြသည် ဆိုရာတွင် လူငယ် လူကြီး၊ တောရောမြို့ပါ၊ မြေပြန့်လူထုသာမက ကချင်၊ ကရင်၊ ချင်း၊ ရှမ်းတိုင်းရင်းသား သွေးချင်း သားချင်းတို့ကပါ အကြွင်းမဲ့လေးစား ကြည်ညိုခဲ့ကြခြင်း ဖြစ်သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် တိုင်းပြည်ပြု လွှတ်တော်တွင် ကချင်ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနောင်၏ ပြောကြားချက်၌ “ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ဟာ ကချင်အမျိုးသား တစ်ဦးနဲ့ တူပါတယ်၊ ကျွန်တော်တို့ ကချင်လူမျိုးတွေလိုပဲ ဗိုလ်ချုပ်ဟာ ရိုးသားဖြောင့်မတ်တယ်၊ ပြောစရာရှိရင်လည်း သွယ်ဝိုက်မပြောဘဲ ဗြောင်ကျကျ တဲ့တိုးကြီးပဲ ပြောတတ်တယ်၊ အဲဒါကိုယ်တိုင်က ဗိုလ်ချုပ်ဟာ ကျွန်တော်တို့ ကချင်တွေနဲ့ စရိုက်ချင်းတူနေပါတယ်” ဟူ၍ ဗိုလ်ချုပ်အား ဆမားဒူဝါကြီးက ပြောကြားလေ့ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တစ်ခေတ်တွင် တစ်ယောက် ရှားပါးစွာ ပေါ်ထွန်းခဲ့သည့် ထူးခြားသော ကိုယ်ရည်ကိုယ်သွေးတို့နှင့် ပြည့်စုံသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဗိုလ်ချုပ်၏ ရိုးသား ဖြောင့်မတ်မှုနှင့် ပွင့်လင်းမှုတို့ကို ၎င်းနှင့်ထိတွေ့ ဆက်ဆံခဲ့ဖူးကြသည့် အင်္ဂလိပ်နှင့် ဂျပန်စစ်ဘက်ခေါင်းဆောင်များ၊ နိုင်ငံရေးနယ်ပယ်၊ စာပေနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ အိန္ဒိယနိုင်ငံမှ ခေါင်းဆောင်များ စသည့် ပြည်ပမှ ပုဂ္ဂိုလ်များရော၊ ပြည်တွင်းမှ တိုင်းရင်းသား လူမျိုးခေါင်းဆောင်များကပါ အထူးတလည် ထုတ်ဖော်ပြောကြားခဲ့ရာ မျိုးဆက်သစ် လူငယ် လူရွယ်တိုင်းက အတုယူကျင့်ကြံ နိုင်ကြပါစေကြောင်း။ ။