Skip to main content

မြင်းမူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မုံရွာ-မန္တလေး ကားလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား လက်လုပ်မိုင်း၊ လက်နက်ငယ်များဖြင့် ဖောက်ခွဲပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးကာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက မုံရွာ-မန္တလေး ကားလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်နက်ငယ်များဖြင့် ဖောက်ခွဲ ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးကာ အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၅ ရက်တွင်  ပုလဲမြို့နယ်၊ လက်တောင်းကြီး ကျေးရွာနေသူများဖြစ်သည့် ဦးမျိုးညွန့်  အပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးတို့သည် အဆိုပါကျေးရွာနေ ဦးကျော်မိုး (၄၅)နှစ် မောင်းနှင်သည့် SGG 2J/6740 Navaras အမျိုးအစား အဖြူရောင် မော်တော်ယာဉ်ဖြင့်  မုံရွာ-မန္တလေးကားလမ်းအတိုင်း မန္တလေးမြို့သို့ ထွက်ခွာလာခဲ့ရာ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် မြင်းမူမြို့နယ်၊ ဂွေးပင်တော ကျေးရွာအနီး မုံရွာ-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၅၇ မိုင် ၇ ဖာလုံနှင့် ၅၈ မိုင်အကြားအရောက် PDF အမည်ခံ အကြမ်းဖက်သမား ၂၀ ဦးက လမ်း၏ယာဘက်မှ ထောင်ထားသည့် လက်လုပ်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲကာ လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ တို့မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးမှာ မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့‌သဖြင့် မြင်းမူမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေး ကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့ စစ်ရေးပစ်မှတ် မဟုတ်သည့် ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ သေဆုံးစေသည်အထိ လမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်အား လက်လုပ်မိုင်း၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်း ဖောက်ခွဲပစ်ခတ် တိုက်ခိုက်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။