နေပြည်တော် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ KBZ ဘဏ်ခွဲအမှတ်(၄၂) စက်မှုပန်းခြံ ဘဏ်ခွဲမှ ငွေကျပ်သိန်း ၁၃၅၀ ခန့်အား အမျိုးသား ၂ ဦးက ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းက သေနတ်ပြခြိမ်းခြောက်ကာ လုယက် ယူဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၅ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ် အချိန်တွင် ပြည်ကြီးတံခွန် မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၁၃၃ လမ်းနှင့် ၁၃၄ လမ်းကြား၊ ၇၈ လမ်း၊ ရန်ကုန်-မန္တလေး ကားလမ်းမကြီး လမ်းဟောင်းအရှေ့ဘက်၌ ဖွင့်လှစ်ထားသည့် KBZ ဘဏ်ခွဲအမှတ်(၄၂) စက်မှုပန်းခြံဘဏ်ခွဲသို့ အမျိုးသား ၂ ဦး ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဘဏ်အတွင်း ဝင်ရောက်ကာ သေနတ်ပြ ခြိမ်းခြောက်၍ ဘဏ်ကောင်တာအတွင်း ထားရှိသည့် ငွေကျပ်သိန်း ၁၃၅၀ ခန့်အား လုယက်ယူဆောင်ကာ ဘဏ်၌ အသုံးပြုသည့် ကွန်ပျူတာ မော်နီတာ တစ်လုံးအား ဖိုက်ဘာအရိုး ၂ ပေခန့် တပ်ဆင်ထားသည့် ပုဆိန်ဖြင့် ရိုက်ခွဲဖျက်ဆီးကာ လုံးပတ် ၄ လက်မ၊ အရှည် ၁ ပေခန့်ရှိ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း တစ်လုံးအား မှန်ကောင်တာပေါ် တင်၍ ၎င်းတို့ စီးနင်းလာသည့် ဆိုင်ကယ် ၂ စီးဖြင့် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှ လုယက်မှု ကျူးလွန်ခဲ့သည့် အမျိုးသား ၂ ဦးအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။