Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်များနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဇူလိုင် ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီးအတွင်း သမဝါယမ လုပ်ငန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ကျေးလက်နေ ပြည်သူများ၏ အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်း ကျေးရွာအုပ်စုရှိ ရွှေခတ်သစ်ခန်းမတွင် ဂေါ့ကျေးရွာအုပ်စုနှင့် ရင်းတိုက်ကွင်းကျေးရွာ အုပ်စုအတွင်းရှိ စပါး/ပဲစိုက် တောင်သူများနှင့်‌ တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက စားသုံးဆီတင်သွင်းမှု လျော့ချနိုင်ရေး ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြေပဲ၊ နေကြာအပါအဝင် ပဲပုပ်မှလည်း စားသုံးဆီနှင့် မွေးမြူရေးအတွက် အစာရရှိနိုင်ကြောင်း၊ ဂေါ့ကျေးရွာအုပ်စုရှိ စိုက်ဧက(၂၉၇၉)ဧက တောင်သူဦးရေ (၂၆၇)ဦးအနက် ပဲပုပ်စိုက်ပျိုးမည့် သူများကို စုစည်း၍ သမဝါယမအသင်း ဖွဲ့စည်းပြီး တောင်သူများသို့ ပဲပုပ်မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ခြင်း၊ ထွက်ရှိလာသည့် ပဲပုပ်များကို ဒေသပေါက်ဈေးဖြင့် ရွှေဥက္ကံ အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ ဝယ်ယူပေးခြင်းကို သမဝါယမ ကန်ထရိုက် လယ်ယာစနစ်ဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၈၉၇ ဒသမ ၃၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာပေါင်း ခုနစ်ရွာမှ လူဦးရေ ၂၅၀၀ ဖြတ်သန်းသွားလာ အသုံးပြုလျက်ရှိသည့် တာခွ - ဂုံညှင်းတန်း - ရှောက်ပင်ကပ် - ကုလားစု - ဗမာစု ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တိုက်ကြီးမြို့နယ် ဂုံညှင်းတန်းကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်ထားသော ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေပြည်သူများ၊ မြစိမ်းရောင်စီမံကိန်း အသင်းသားများနှင့် တွေ့ဆုံဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-ပြည်လမ်းမကြီးမှ ချော်ကုန်း - လက်ပံတန်းစု - ပန်းတပွင့်တောင် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းအရှည် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော ကျေးလက်စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကျေးလက်နေပြည်သူများ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် နီးနီးကပ်ကပ် ပူးပေါင်း လက်တွဲ ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်းပြောကြားသည်။

သတင်းစဉ်