နေပြည်တော် ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် လဟယ်မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားပြီး တပ်နယ်မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လဟယ်မြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဒေသခံတိုင်းရင်းသားများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် လဟယ်မြို့ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုပြတိုက်၌ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံရာ တာဝန်ရှိသူများက နာဂဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ဒေသခံတိုင်းရင်းသားများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လဟယ်မြို့ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေး ပညာသင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ပြုလုပ်သည့် ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူက ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး၍ သင်တန်းခန်းမရှိ သင်တန်းသူများ ချုပ်လုပ်ထားသော အဝတ်အထည်များနှင့် လက်မှုပစ္စည်းများကို ကြည့်ရှုအားပေးကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ဘုန်းတော်ကြီးကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင်ကျောင်း (လဟယ်)သို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်