Skip to main content

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပညာရည်ချွန်ဆုနှင့် ထူးချွန်ဆုများ ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၁၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပညာရည်ချွန်ဆုနှင့် ထူးချွန်ဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုင်ငံတော်အနေဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု အားကောင်းလာစေရေးအတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းမိသားစုများအနေဖြင့်လည်း မိမိတို့မျိုးဆက်များ ပညာရည်ထူးချွန်ပြီး ဘက်စုံဖွံ့ဖြိုးရေး၊ ကျန်းမာကြံ့ခိုင်ရေးတို့အတွက် ပိုမိုမြှင့်တင် ပျိုးထောင်ပေးကြရန်လိုကြောင်း၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မိမိတို့ဝန်ကြီးဌာန ဝန်ထမ်းသားသမီး စုစုပေါင်း (၁၀၁၉)ဦး အောင်မြင်ခဲ့ကြပြီး ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံး၌ ဒုတိယဆုရရှိခဲ့သူ (၁)ဦး၊ သိပ္ပံဘာသာတွဲ ဆဌမဆုရရှိသူ (၁)ဦး အပါအဝင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၉)ဦး ၊ (၅)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂၃)ဦး၊ (၄)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၃၂)ဦး၊ (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၅၂)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ (၁၂၆)ဦးကို ယနေ့အခမ်းအနားတွင် ထူးချွန်ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည် ဖြစ်သကဲ့သို့ (၂)ဘာသာနှင့်အောက် ထူးချွန်သူများကိုလည်း သက်ဆိုင်ရာဦးစီးဌာနများအလိုက် ချီးမြှင့်သွားမည်ဖြစ်ကြောင်း။

ထို့အပြင် ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်(၂)ဦးက စာပေဗိမာန် စာမူဆုနှင့် ပခုက္ကူ (ဦးအုန်းဖေ)စာပေဆုများ ရရှိခဲ့ကြသကဲ့သို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် သင်တန်းများတွင် သင်တန်းထူးချွန်ဆုရရှိသူ (၉)ဦးတို့က မိမိဝန်ကြီးဌာနအတွက် ဂုဏ်ဆောင်နိုင်ခဲ့ကြသဖြင့် ယနေ့အခမ်းအနားတွင် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များက တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဆုရကျောင်းသား ကျောင်းသူများကိုယ်စား ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံး၌ ဒုတိယဆု ရရှိခဲ့သူ မောင်ခန့်တေဇာနှင့် သိပ္ပံဘာသာတွဲ ဆဌမဆုရရှိသူ မထက်ရတီဝင်းတို့က ကျေးဇူးတင်စကား ပြောကြားကြသည်။

ယင်းနောက် စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူ(ဦးအုန်းဖေ) စာပေဆုများရရှိခဲ့သူ (၂)ဦးနှင့် နိုင်ငံဝန်ထမ်းတက္ကသိုလ် သင်တန်းများတွင် ထူးချွန်ဆုရခဲ့ကြသော ဝန်ထမ်း(၉)ဦးတို့ကို ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုများ ချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲတွင် စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူ (ဦးအုန်းဖေ)စာပေဆုများရရှိခဲ့သူ စာရေးဆရာ မောင်အောင် (ဒေါက်တာအောင်ကြီး-ဒုတိယဝန်ကြီး)က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်