နေပြည်တော် ဇူလိုင် ၁၄
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် လုပ်ဆောင်ရသည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းအဆင့်(၈) ဆင့်တွင် ပါဝင်သည့် GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်း၊ စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်း လုပ်ငန်းတွင်ပါဝင်သည့် ရပ်ကွက်၊ကျေးရွာ တည်နေရာ Pointများ ကောက်ယူခြင်းလုပ်ငန်းအတွက် သင်တန်းအမှတ်စဉ် (၃) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူမည်
ဖွင့်ပွဲတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင် တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းသည်လုပ်ငန်းပမာဏအများဆုံးနှင့် အကြီးဆုံးဖြစ်ပြီး အခြေခံအကျဆုံးဖြစ်သည့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိမည်ဖြစ်ကြောင်း၊ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်းသည် သန်းခေါင်စာရင်းလုပ်ငန်းစဉ် အားလုံးအနက် အချိန်အကြာဆုံး၊ လူအင်အားနှင့်ငွေအင်အား အများဆုံးအသုံးပြုရသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းတွင် GIS နည်းပညာဖြင့် မြေပုံရေးဆွဲခြင်းကို စတင်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရရှိနိုင်ရေးအတွက် ရပ်ကွက်၊ကျေးရွာ တည်နေရာ Point များ ကောက်ယူ ခြင်းကို တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဆောင်ရွက်နိုင်ရေး ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးစီးပါက သက်ဆိုင်ရာ ခရိုင်များတွင် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပေးပြီး ရပ်ကွက်၊ကျေးရွာတည်နေရာ Point များ ရယူခြင်း၊ အတည်ပြုခြင်းများကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် သင်တန်းသားသင်တန်းသူများအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အောင်မြင်စေရေးအတွက် ယခုဆောင်ရွက်နေသည့် ရပ်ကွက်၊ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ရပ်ကွက်၊ ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းသင်တန်းသို့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ သင်တန်းသားသင်တန်းသူ ၃၀ တက်ရောက်ပြီး သင်တန်းကာလမှာ သုံးရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်