Skip to main content

ပန်းခင်းစီမံချက်၏ အရေးကြီးမှုနှင့် မဲစာရင်းမှန်ကန်ရေးအတွက် အထွေထွေရွေးကောက်ပွဲကော်မရှင်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့် အခြေအနေများ ရှင်းလင်းပြောကြား

နေပြည်တော် ဇူလိုင် ၁၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ မင်္ဂလာခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလအတွင်း တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် e-ID စနစ်လုပ်ငန်းတို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် အရေးပါသည့်လုပ်ငန်းများဖြစ်သည်နှင့်အညီ သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုရရှိမှသာ အောင်မြင်နိုင်မည့် လုပ်ငန်းများဖြစ်သည့်အတွက် ယခုကဲ့သို့ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ဌာနအလိုက်လုပ်ငန်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏နိုင်ငံတော်စီမံချက်တစ်ခုဖြစ်သည့် ပန်းခင်းစီမံချက်၏ အရေးကြီးမှုနှင့် မဲစာရင်းမှန်ကန်ရေးအတွက် အထွေထွေရွေးကောက်ပွဲကော်မရှင်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့် အခြေအနေ၊ နိုင်ငံသားတိုင်းကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး မဖြစ်မနေ ရရှိကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၂)ကိုဆက်လက်ဆောင်ရွက် သွားမည့်အစီအစဉ်နှင့် e-ID စနစ်အကောင်အထည် ဖော်နိုင်ရေးအတွက် လုပ်ငန်းများကြိုတင်ဆောင်ရွက် နေမှု၊မိမိတို့ဌာနလုပ်ငန်းများအား နည်းပညာများ အသုံးပြု၍ ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံနှင့်ဌာနအပေါ် သစ္စာစောင့်သိကြရေး၊ ဌာနလုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်ပိုင်နိုင်ရေး၊ IT နည်းပညာနှင့် ဘာသာစကား တတ်ကျွမ်းရေးနှင့် ပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ရေးတို့ကို အလေးထားကျင့်ကြံဆောင်ရွက်ကြရေး၊ စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်