Skip to main content

လူငယ်သင်တန်းကျောင်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင် ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ “လူငယ်သင်တန်းကျောင်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်များ၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ လူငယ်နှင့်အမျိုးသမီးသင်တန်းကျောင်း ၁၄ကျောင်းမှ ကျောင်းအုပ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၃(က)နှင့် (ခ) တို့အရ သင်တန်းကျောင်းများ၊ ယာယီစောင့်ရှောက်ရေးဂေဟာများကို ဖွင့်လှစ်၍ သက်ဆိုင်ရာ တရားရုံးများမှ အမိန့်ချမှတ်ပြီးသော ပြစ်ဒဏ်ကျ ကလေးသူငယ်များ၊ အမှုရင်ဆိုင်ဆဲ ရမန်ကလေးသူငယ်များ၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များကို လက်ခံစောင့်ရှောက်လျက်ရှိပါကြောင်း။

ပွင့်ပွင့်လင်းလင်း သုံးသပ်ဆွေးနွေး

သင်တန်းကျောင်းများ တည်ထောင်ဖွင့်လှစ်ရခြင်းသည် ကုန်ကျစရိတ်များပြီး နိုင်ငံတကာတွင် နောက်ဆုံးနည်းလမ်းအနေဖြင့်သာ ရွေးချယ်ဆောင်ရွက်သော နည်းလမ်းဖြစ်ပါသဖြင့် ကလေးသူငယ်ဖြစ်ရပ်များအပေါ် မူတည်၍ အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း (Alternative Care)၊ အခြား နည်းဖြင့်လွှဲပြောင်း ဆောင်ရွက်ခြင်း (Diversion) နည်းလမ်းတို့ကို တိုက်တွန်းအားပေးရမည်ဖြစ်ပါကြောင်း၊ လက်ရှိစောင့်ရှောက်ထားရှိသော ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားနှင့် ရပ်ရွာလူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ခြင်းဖြင့် မလိုလားအပ်သော ပြစ်မှုထပ်မံကျူးလွန်ခြင်းမျိုးမှ ကာကွယ်နိုင်ပါသဖြင့် လူငယ်သင်တန်းကျောင်းများ၏ ဆောင်ရွက်မှုများကို ပွင့်ပွင့်လင်းလင်း သုံးသပ်ဆွေးနွေးခြင်းသည် ဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ရပ်ပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ၍ လူငယ်သင်တန်းကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အလေးထားဂရုပြု ဆောင်ရွက်ခြင်းဖြင့် စောင့်ရှောက်ထားရှိသူများနှင့် ပြုစုစောင့်ရှောက်သူဝန်ထမ်းများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ခြင်းသာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကပံ့ပိုးပေးနိုင်မည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းပင်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က အမှာစကားပြောကြားသည်။

လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်းကျောင်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၄ရက်မှ ၁၅ရက်အထိ နှစ်ရက်တာကာလအတွင်း သင်တန်းကျောင်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သုံးသပ်ဆွေးနွေးရန်အတွက် အုပ်စုငယ်များခွဲ၍ သင်တန်းကျောင်းများတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်မှုကို ဆွေးနွေးပြီး ဆွေးနွေးပွဲရလဒ်များအပေါ် မူတည်ပြီး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်မည်ဖြစ်ပြီး တက်ရောက်လာသည့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် သင်တန်းကျောင်းအသီးသီးမှ ကျောင်းအုပ်များက တက်ကြွစွာ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်