Skip to main content

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)နှင့် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်) တို့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဇီးပင်ကြီး ပြင်ဦးလွင် လမ်းပိုင်းတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ရွာထောင်ရှိ မြန်မာ့မီးရထား၏ ဒီဇယ်စက်ခေါင်းစက်ရုံသို့ ရောက်ရှိစစ်ဆေးရာ စက်ရုံမှူးက လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လျာထားချက်များ ပြည့်မီကျော်လွန်အောင် စွမ်းဆောင်နိုင်ရေး၊ စက်ရုံ၏ လုံခြုံမှုစနစ်ကောင်းမွန်ရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေးကိစ္စရပ်များကို မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ပေးအပ်ပြီး စက်ရုံဝင်းအတွင်းရှိ စက်မှုသင်တန်းကျောင်းအဆောက်အဦတွင် သင်တန်းသားများကို သင်တန်းပို့ချနေမှု၊ လက်တွေ့လေ့ကျင့်လုပ်ဆောင်နေမှုနှင့် စက်ရုံ၏လုပ်ငန်းခွင်နေရာများကို လှည့်လည်ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် စက်ရုံရှိ ရွာထောင်ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး သက်ကြီးဘိုးဘွားများ စားသောက်နေထိုင်ရေး ကိစ္စများနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ မြန်မာ့မီးရထားဆေးရုံ (ရွာထောင်) သို့ ရောက်ရှိပြီး ဝန်ထမ်းများ၊ မိသားစုများအား ဆေးကုသပေးနိုင်မှု၊ ဆေးပစ္စည်း၊ ကိရိယာနှင့် ဆေးဝါးလိုအပ်ချက်အခြေအနေများအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထားဆေးရုံ(မြစ်ငယ်)သို့ ရောက်ရှိပြီး လူနာများလက်ခံ ကုသပေးနေမှု၊ ဆေးပစ္စည်းနှင့်ကိရိယာများ၊ ဆေးဝါးလိုအပ်ချက် အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆေးရုံတက်ရောက်ကုသနေသည့် လူနာများကို ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထား၏ လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)သို့ ရောက်ရှိစစ်ဆေးရာ စက်ရုံမှူးက စက်ရုံမှ လူစီးတွဲသစ်များ တပ်ဆင်ထုတ်လုပ် ပေးနိုင်မှုကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက တွဲတည်ဆောက်မှု အတွေ့အကြုံများကို ရရှိခဲ့ပြီး နောင်အနာဂတ်တွင် ခေတ်မီတွဲတည်ဆောက်မှုများကို ကိုယ်ပိုင်နည်းပညာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပြည်တွင်းမှ ရရှိနိုင်သည့်ပစ္စည်းများကို မြန်မာကျပ်ငွေဖြင့်ပင် ဝယ်ယူရရှိနိုင်ရေး၊ မဖြစ်မနေလိုအပ်မှသာလျှင် နိုင်ငံခြားမှမှာယူ တင်သွင်းအသုံးပြုရေး၊ ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် သက်သာချောင်ချိရေးကို ဂရုစိုက်ဆောင်ရွက်ပေးရေး၊ စက်ရုံ၏ဝန်ထမ်း၊ ပစ္စည်းများ လုံခြုံရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို အထူးဂရုစိုက်ရေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းပေးပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံများ၌ တွဲသစ်များ တပ်ဆင်ထုတ်လုပ်နေမှု အခြေအနေ၊ အသုံးပြုနေဆဲလူစီးတွဲ ကုန်တွဲများ သက်တမ်းအလိုက် မွမ်းမံပြင်ဆင်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကွန်ကရစ် ဇလီဖားစက်ရုံ(မြစ်ငယ်)သို့ ရောက်ရှိပြီး ထုတ်လုပ်မှု စံချိန်စံညွှန်းပြည့်မီရေး ကုန်ကြမ်းပစ္စည်းများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေး-လားရှိုး ရထားလမ်းပိုင်းပေါ်ရှိ ဇီးပင်ကြီးဘူတာသို့ ရောက်ရှိပြီး RGC သံလမ်းပြေးယာဉ်ဖြင့်လိုက်ပါ၍ ရထားလမ်းဘေးဝဲယာတစ်လျှောက် ချုံများရှင်းလင်းခြင်း ဆောင်ရွက်ပြီးစီးမှု၊ ကွန်ကရစ်ဇလီဖား ဖြည့်တင်းပြီးစီးမှုနှင့် လမ်းခင်းကျောက်ဖြည့်တင်း ပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်ဘူတာယာဒ်ဝင်းအတွင်း သံလမ်းမွမ်းမံ ပြင်ဆင်မှု၊ သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးလျက် လိုအပ်သည်များ ဖြည့်ဆည်း မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)