Skip to main content

ပြည်လမ်းနှင့် ဗားကရားလမ်းထောင့်၊ မြေနီကုန်း ခုံးကျော်တံတားအောက်ရှိ ယာဉ်ထိန်းကင်းရုံအား PDF အမည်ခံအကြမ်းဖက်သမားများက လက်ပစ်ဗုံးများဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၁ ဦးသေဆုံး၊ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရ

နေပြည်တော် ဇူလိုင် ၁၃

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူပိုင်အဆောက်အဦများ၊ လမ်းတံတားများအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ဘုရားကျောင်းကန်၊ စေတီပုထိုးများနှင့် ပြည်သူလူထုအား အကာအကွယ်ယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ခြိမ်းခြောက်ခြင်းနှင့် ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခြင်းအပါအဝင် လူစည်ကားသည့်နေရာများတွင် ဆင်ခြင်မဲ့စွာ ဗုံးခွဲခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ပြည်လမ်းနှင့် ဗားကရားလမ်းထောင့်၊ မြေနီကုန်း ခုံးကျော်တံတားအောက်ရှိ ယာဉ်ထိန်းကင်းရုံအနီး၌ ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကပြည်လမ်းနှင့် ဗားကရားလမ်းထောင့်၊ မြေနီကုန်းမီးပွိုင့်ရှိ လုံခြုံရေးကင်း၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများက 5 Star CP ကြက်ကြော်ဆိုင်အနီးမှ လက်ပစ်ဗုံး ၃ လုံးဖြင့် ရမ်းသမ်းပစ်ပေါက်၍ ပြည်လမ်းအတိုင်း မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါအကြမ်းဖက်သမားများ၏ လက်ပစ်ဗုံးဖြင့်ပစ်ခတ်မှုကြောင့် မအေးပြည့်ပြည့်ဇော် (ခ) ပပဝင်း(ဘ)ဦးဝင်းစိန်မှာ ၎င်းနေရာတွင် သေဆုံးခဲ့ပြီး မောင်ဝေဖြိုးမောင်(ဘ)ဦးဝင်းနိုင်၊ မောင်ထက်အောင်လင်း(ဘ)ဦးမျိုးမင်းသော်၊ မောင်ထက်မြတ်အောင် (ဘ)ဦးတင်လှ၊ မောင်စည်သူစိုး(ဘ)ဦးမောင်မြင့်၊ ဒေါ်ပပ(ဘ)ဦးမြင့်ဆွေ၊ မစိုးစန္ဒာဝင်း(ဘ)ဦးသန်းအောင်၊ မောင်ဝေယံဦး(ဘ)ဦးသန့်ဇော်၊ ဦးရဲလင်းအောင်(ဘ)ဦးအောင်ဇော်ဦး၊ မဖြိုးမော်နိုင်(ဘ)ဦးအောင်ဇော်ဦးနှင့် မအိမွန်ခိုင်(ဘ)ဦးအောင်ဇော်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးပြီး နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်နေရာတစ်ဝိုက်အား စစ်ဆေးမှုများ ဆောင်ရွက်စဉ် ညနေ ၄ နာရီခန့်တွင် လက်ပစ်ဗုံးတစ်လုံးအား တွေ့ရှိရသဖြင့် အများပြည်သူများ ထိခိုက်မှုမရှိစေရေးအတွက် သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများအား ထိခိုက်ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။