နေပြည်တော် ဇူလိုင် ၁၁
အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒို ဒိုင်လူကြီးနှင့် နည်းပြမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။
ရှေးဦးစွာ သင်တန်း နည်းပြဆရာများနှင့် သင်တန်းသား သင်တန်းသူများက တစ်ဦးချင်း ဂါရဝပြု မိတ်ဆက်ကြသည်။
လေ့ကျင့်ဆောင်ရွက်
ထို့နောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သင်တန်းမှ မိမိတို့ သင်ကြားတတ်မြောက်ခဲ့သည်များကို လက်ဆင့်ကမ်း ပြန်လည်သင်ကြားပေးခြင်းဖြင့် အားကစားသမားများ၏ အားကစားအရည်အသွေး တိုးတက် မြင့်မားလာမည်ဖြစ်ပြီး ထူးချွန်ထက်မြက်၍ အရည်အချင်းရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်နိုင်မည်ဖြစ်ကြောင်း၊ ဂျူဒို အားကစားနည်းဖြင့် ရှေ့လာမည့် နိုင်ငံတကာ အားကစားပြိုင်ပွဲများနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်စေရန် နည်းပြများအနေဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာဖြင့် ဆတက်ထမ်းပိုး ဆက်လက်ကြိုးပမ်း လေ့ကျင့် ဆောင်ရွက်သွားကြရန် ပြောကြားသည်။
အဆိုပါ သင်တန်းရှိ သင်တန်းသား ၃၅ ဦး၊ သင်တန်းသူ ၁၀ ဦးကို ဂျပန်နိုင်ငံတိုကျိုမြို့ရှိ KODOKAN JUDO INSTITUTE နည်းပြသင်တန်းများ တက်ရောက် အောင်မြင်ထားသည့် နည်းပြဆရာများက ဇူလိုင် ၁၁ ရက်မှ ၂၂ ရက်အထိ နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (B)ရုံ၌ ကျင်းပလျက်ရှိသော ၂၀၂၂ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဆက်လက် ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်