နေပြည်တော် ဇူလိုင် ၁၁
တောင်သူတစ်ဦးချင်း ဝင်ငွေတိုးရန် မိရိုးဖလာ စိုက်ပျိုးနည်းများအပြင် ခေတ်မီ စိုက်ပျိုးနည်းများ၊ စက်မှုလယ်ယာ စနစ်တို့ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြရန်လိုကြောင်း၊ လိုအပ်သော နည်းပညာနှင့် အကူအညီများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် မင်းလှကျေးရွာတွင် ပြုလုပ်သည့် ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်းသရုပ်ပြပွဲ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်။
ကောက်စိုက်စက်ဖြင့် ကောက်စိုက်သရုပ်ပြ
ထို့နောက် တက်ရောက်လာသည့် တောင်သူများကို သွင်းအားစုအနေဖြင့် ဓာတ်မြေသြဇာနှင့် ဆေးဝါးများ ပံ့ပိုးပေးအပ်ပြီး တောင်သူများနှင့်အတူ ကောက်စိုက်စက်ဖြင့် ကောက်စိုက်သရုပ်ပြမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် မှော်ဘီမြို့နယ် ညောင်ကုန်းကျေးရွာ တောင်သူ ဦးသိန်းမော်၏ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်(RS.CS) ဧက ၃၀ စိုက်ခင်းသို့ ရောက်ရှိပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ မျိုးစေ့ထုတ် တောင်သူများကို သွင်းအားစုအနေဖြင့်ဓာတ် မြေသြဇာနှင့်ဆေးဝါးများ ပံ့ပိုးပေးအပ်ပြီး တောင်သူများနှင့်အတူ မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
သင်တန်းသားများနှင့်တွေ့ဆုံ
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တိုက်ကြီးမြို့ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းသားများနှင့် တွေ့ဆုံ၍ သင်တန်းသားများ စားသုံးရန် ကြက်သားနှင့် ကြက်ဥတို့ကို ကျောင်းအုပ်ကြီးထံ ပေးအပ်ပြီး တိုးချဲ့တည်ဆောက်နေသည့် ကျောင်းဆောင်သစ် တည်ဆောက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ တည်ဆောက်ပြီး ကျောင်းဆောင်သစ်များကိုလည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။
သဘာဝဂေဟစနစ်မပျက်စီးစေရေး
ထို့နောက် မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာ Myanma Pesticides Industry Co.,Ltd ပိုးသတ်ဆေးစက်ရုံသို့ရောက်ရှိကာ ထုတ်လုပ်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သဘာဝဂေဟစနစ် မပျက်စီးစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးကျေးရွာအနီးရှိ ငမိုးရိပ်ရေလှောင်တမံသို့ ရောက်ရှိပြီး တမံကြံ့ခိုင်မှု၊ ရေသိုလှောင် ထားရှိမှုနှင့် ရေပိုလွှဲ ကြံ့ခိုင်မှု၊ သဘာဝဘေး ကြိုတင်ပြင်ဆင်ထားရှိမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်