ရန်ကုန် ဇူလိုင် ၁၁
သတ္တုနှင့် အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များအတွက် အသိပညာပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အသိပညာပေးပွဲသို့ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သတ္တုနှင့် အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီဝင်များနှင့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ဆပ်ကော်မတီများ၊ သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အောင်မြင်သူ ၅၈၀ ကျော်ရှိခဲ့
ဒုတိယဝန်ကြီးက NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှစပြီး ယခု အချိန်ထိကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန အခု ၂၀၀ ကို တည်ထောင်နိုင်ခဲ့ပြီး အလုပ်အကိုင်အမျိုး ၃၀ မှ အရည်အသွေးပြည့်မီသူ ကျွမ်းကျင်လုပ်သား ၁၇၅၃၅ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ သတ္တုနှင့် အင်ဂျင်နီယာ လုပ်ငန်းကဏ္ဍ အလုပ်အကိုင်များ အတွက် စစ်ဆေးအကဲဖြတ်ခဲ့ရာ ကျွမ်းကျင်မှုအဆင့်(၁)အတွက် လေအေးပေးစက်တပ်ဆင်သူ၊ ဂဟေဆက်လုပ်သား၊ မော်တော်ယာဉ်စက်ပြင်၊ စက်ကိရိယာ ကိုင်တွယ်မောင်းနှင်သူ၊ အသေးစားစက်ပြင်၊ သံရည်ကျိုပုံသွင်း လုပ်သားအပါအဝင် ဖြေဆိုသူ ၄၄၀၀ ကျော်ကို စစ်ဆေးအကဲဖြတ်ခဲ့ပြီး အောင်မြင်သူ ၃၇၀၀ ကျော်နှင့် ကျွမ်းကျင်မှုအဆင့် (၂) အတွက် Pneumatic၊ လေအေးပေးစက် တပ်ဆင်သူ၊ သံရည်ကျို ပုံသွင်းလုပ်သား၊ ဂဟေဆက် လုပ်သားအပါအဝင် ဖြေဆိုသူ ၆၆၀ ကျော်အနက် အောင်မြင်သူ ၅၈၀ ကျော်ရှိခဲ့ကြောင်း။
ပူးပေါင်းဆောင်ရွက်ရန်လို
လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်မှု စွမ်းရည်မြင့်မားသည့် လုပ်သားများ ပြုစုပျိုးထောင်ပေးပြီး အရည်အသွေးပြည့် ထုတ်ကုန်များ စွမ်းအားပြည့်ထုတ်ပေးခြင်းဖြင့် မိမိလုပ်ငန်း၏ပုံရိပ်ကို ကောင်းမွန်စေနိုင်သကဲ့သို့ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် ယုံကြည်ကိုးစားမှု ရရှိနိုင်သဖြင့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး NSSA နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က ဆွေးနွေးပြောကြားပြီး သတ္တုနှင့် အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီဝင်များက ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် သတ္တုနှင့် အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီ ဥက္ကဋ္ဌတို့က လိုအပ်သည်များ ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်