Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၁၁        

၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်း ကော်မရှင် နာယက၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ NGO များ၊ သံတမန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဗဟိုသန်းခေါင်စာရင်း ကော်မရှင် နာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ကမ္ဘာ့လူဦးရေသန်း (၅,၀၀၀) ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ်၊ ဇူလိုင် ၁၁ ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတကြီးဖြေရှင်းရမည့် လူဦးရေဆိုင်ရာ ပြဿနာများနှင့် လူသားအားလုံး ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များကို အာရုံ စိုက်မိလာစေရန် ရည်ရွယ်၍  ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ် ကျင်းပခဲ့ကြခြင်း ဖြစ်ကြောင်း၊  မြန်မာနိုင်ငံ အနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားများကို ၁၉၉၀ ပြည့်နှစ်မှ စတင် ကျင်းပခဲ့ခြင်းဖြစ်၍  ယခုဆိုလျှင် (၃၃)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊  ထိုသို့ကျင်းပခြင်းသည် ကုလသမဂ္ဂအဖွဲ့ကြီး၏ ရည်မှန်းချက်၊ ဦးတည်ချက်နှင့် လုပ်ငန်းစဉ်များအပေါ် မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့မိသားစုဝင် နိုင်ငံ တစ်နိုင်ငံပီပီ အ‌လေးထား ပါဝင် ဆောင်ရွက်နေမှုကို ပေါ်လွင်စေကြောင်း။

ကုလသမဂ္ဂ အနေဖြင့် နှစ်စဉ်ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်များကို ချမှတ်ဆောင်ရွက်ခဲ့ရာ ယခုနှစ် ၂၀၂၂ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်မှာ  “A world of 8 billion: Towards a resilient future for all - Harnessing opportunities and ensuring rights and choices for all” “လူဦးရေသန်း ၈၀၀၀ ရှိသော ကမ္ဘာမြေ- ခံနိုင်ရည်ရှိသော အနာဂတ်ဖြစ်တည်ဖို့ အားလုံးအတွက် အခွင့်အလမ်းများရယူလို့ ရပိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်များ ပံ့ပိုးကြပါစို့” ဟူ၍ဖြစ်ကြောင်း၊ အဆိုပါ ဆောင်ပုဒ်မှ ပေးလိုသည့် အဓိက အချက်မှာ လူဦးရေသန်း ၈၀၀၀ ခန့်ရှိသော ကမ္ဘာမြေကြီးတွင် တွေ့ကြုံရင်ဆိုင် နေကြရသည့် လူဦးရေဆိုင်ရာ ပြဿနာများကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး လိုက်လျောညီထွေ တုံ့ပြန်နိုင်သည့် ခံနိုင်ရည်စွမ်းရှိသော အနာဂတ်ကို ပိုင်ဆိုင်ကြရန် ဖြစ်ကြောင်း၊  ထိုသို့ တုံ့ပြန်နိုင်ရန် ရရှိလာသည့် အခွင့်အလမ်းများကို မိမိရရဖမ်းဆုပ်ပြီး အကျိုးရှိရှိ အသုံးချကြရမည် ဖြစ်သကဲ့သို့  လူသားအားလုံး၏ ရပိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်များကိုလည်း  အလေးထားကြရမည် ဖြစ်ကြောင်း။

ကမ္ဘာပေါ်တွင် ကြုံတွေ့နေရသည့် လူဦးရေဆိုင်ရာ ပြဿနာအချို့ကို မီးမောင်း ထိုးပြလိုကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ သန်းပေါင်း (၇,၉၀၀) ကျော်ရှိရာမှ မကြာမီကာလတွင် သန်း(၈၀၀၀) ပြည့်တော့မည် ဖြစ်ကြောင်း၊ လူဦးရေ သန်း ၈၀၀၀ ပြည့်လာခြင်းသည် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်လာမှုများကြောင့် လူ့သက်တမ်း ပိုမိုရှည်လာခြင်း၊ ကိုယ်ဝန်ဆောင် မိခင်သေဆုံးမှုနှင့် ကလေးသေဆုံးမှု လျော့ကျလာခြင်း စသဖြင့် ကမ္ဘာမြေကြီး အတွက်ရော လူသားတွေအတွက်ပါ အောင်မြင်မှုတစ်ရပ် ဖြစ်ကြောင်း။

မကြာသေးမီကာလက တစ်ကမ္ဘာလုံး ရင်ဆိုင်ခဲ့ရသည့် ကိုဗစ်-၁၉ ရောဂါနှင့် နောက်ဆက်တွဲပြဿနာများကို တုံ့ပြန်ဖြေရှင်းနိုင်ရန် အချိန်တို ကာလအတွင်း ကာကွယ်ဆေးများ စံချိန်တင်လောက်အောင် တီထွင် ထုတ်လုပ်လာနိုင်ခြင်းသည်လည်း ကမ္ဘာ့လူသားများ၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ပြဿနာများကို ရင်ဆိုင် ဖြေရှင်းနိုင်စွမ်းကို ပြသနေကြောင်း၊ အိမ်တွင်းအောင်းနေကြရသည့် အခက်အခဲများအကြားကပင် လုပ်ငန်းများကို အဆက်မပြတ် ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေးနည်းပညာဆန်းသစ် တီထွင်မှုများသည်လည်း အခက်အခဲများကို အခွင့်အလမ်းများအဖြစ် ပြောင်းယူနိုင်ခဲ့သည့် သာဓကများပင် ဖြစ်ကြောင်း၊ ထိုသို့ တိုးတက်ဖြစ်ထွန်းမှုများသည် နိုင်ငံတိုင်းအတွက်၊ လူတိုင်းအတွက် တစ်ပြေးညီ ဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ မညီမျှမှုများ ရှိနေဆဲဖြစ်သည်ဆိုသည်ကို ကိန်းဂဏန်း အချက်အလက်များက ပြဆိုနေကြောင်း။

ထို့ပြင် ကမ္ဘာပေါ်၌ ကလေးမွေးဖွားစဉ် မိခင်အမျိုးသမီးများ သေဆုံးကြသည့် ဖြစ်စဉ်များရှိနေဆဲဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် မွေးကင်းစကလေးငယ် သေဆုံးနှုန်းသည်လည်း မြင့်မားနေဆဲ ဖြစ်ကြောင်း၊ ကျား/မ ရေးရာကွာဟမှုများလည်း နေရာကဏ္ဍအသီးသီးတွင် ရှိနေဆဲဖြစ်ပြီး ခေတ်မီ ဆက်သွယ်ရေးနည်းလမ်းများ အရှိန်အဟုန်ဖြင့် တိုးတက်နေသော်လည်း အလှမ်းကွာဝေး နေသူများစွာ ရှိနေဆဲဖြစ်ကြောင်း။

ကမ္ဘာ့လူဦးရေသည် အရှိန်အဟုန်ဖြင့် တိုးပွားနေသော်လည်း နိုင်ငံတိုင်းတွင် တစ်သမတ်တည်း ညီညီမျှမျှ တိုးပွားနေခြင်း မဟုတ်သည်ကိုတွေ့ရကြောင်း၊ ကမ္ဘာ့လူဦးရေသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ထိ နှစ်စဉ် ပျမ်းမျှ ၁ ရာခိုင်နှုန်းဖြင့် တိုးပွားနေသော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံများတွင် လူဦးရေတိုးပွားနှုန်း တူညီမှုမရှိသည်ကို တွေ့ရကြောင်း၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအပါအဝင် အာရှနိုင်ငံ အများစုတွင် လူဦးရေတိုးနှုန်း ၁ ရာခိုင်နှုန်းအောက် ရောက်ရှိနေပြီး အာဖရိကနိုင်ငံအများစုတွင်  လူဦးရေတိုးနှုန်း ၂ ရာခိုင်နှုန်းမှ အချို့နိုင်ငံများတွင် ၃ ရာခိုင်နှုန်းနှင့်အထက် တိုးပွား နေသေးသည်ကို တွေ့ရကြောင်း၊  လူဦးရေတိုးနှုန်း ကွာဟမှုနှင့်အတူ နိုင်ငံများ၏ ပျမ်းမျှသက်တမ်းနှင့် ကလေးမွေးဖွားနှုန်းများ အလွန်အမင်း ကွာဟနေတာကို တွေ့မြင်ကြရမည် ဖြစ်ကြောင်း၊ သာတူညီမျှမှု မရှိခြင်းနှင့်အတူ စိုးရိမ်စရာစိန်ခေါ်မှုများ တည်ရှိနေဆဲ ဖြစ်ကြောင်း။

ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံများတွင် မွေးဖွားနှုန်း နိမ့်ကျမှုနှင့်အတူ လုပ်သားအင်အား ရှားပါးလာပြီး သက်ကြီးရွယ်အို များပြားလာသည့်အတွက် စိုးရိမ်ဖွယ် ဖြစ်နေသကဲ့သို့ ဖွံ့ဖြိုးမှု နိမ့်ကျသည့် နိုင်ငံများ၌လည်း လျင်လျင်မြန်မြန် တိုးပွားလာသော လူဦးရေ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အပြင်းအထန် ကြိုးစား ရုန်းကန်နေကြကြောင်း။

စားနပ်ရိက္ခာ မပြည့်စုံခြင်း၊ ရေရှားပါး ပြတ်လတ်ခြင်းနှင့် ရာသီဥတု ဖောက်ပြန်မှုများကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ် ဆိုးများကို ခံစားနေကြရသည့် လူဦးရေသည်လည်း မည်သည့်အချိန်ကနှင့်မျှ မတူအောင် တိုးပွားလာနေကြောင်း၊ အထူးသဖြင့် ကမ္ဘာတွင် လက်ရှိကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးဆိုးနှင့် နောက်ဆက်တွဲ ပြဿနာများ၏ ရိုက်ခတ်မှုဒဏ်ကိုလည်း ကမ္ဘာ့လူဦးရေ အများစု ခံစားနေကြရကြောင်း။

လူဦးရေ လျင်မြန်စွာ တိုးပွားလာခြင်းကြောင့် ဝင်ငွေနည်းပါးသော နိုင်ငံများနှင့် အလယ်အလတ်အောက်သာ ဝင်ငွေရရှိကြသည့် နိုင်ငံများတွင် ဆင်းရဲနွမ်းပါးမှု၊ ငတ်မွတ်မှုနှင့်  အာဟာရချို့တဲ့မှု ပပျောက်ရေး လုပ်ငန်းများ၊ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် အခြားမရှိမဖြစ် ဝန်ဆောင်မှုများစသည့် နိုင်ငံ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်နေရသော စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခက်အခဲများစွာ ရင်ဆိုင်တွေ့ကြုံ နေကြရခြင်းသည်လည်း လူဦးရေ တိုးပွားမှုနှုန်း မြင့်မားလာခြင်းအပေါ် ကုလသမဂ္ဂက ချမှတ်ထားသည့် ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးမှု ပန်းတိုင်များသို့ အရောက်လှမ်းနိုင်ရေး အခက်အခဲနှင့် အဟန့်အတားများထဲမှ တစ်ခုဖြစ်သည်ကို တွေ့ရကြောင်း။

လူဦးရေ လျင်မြန်စွာ တိုးပွားလာခြင်းသည် အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်နှင့်က လေးမွေးဖွားစဉ် တွေ့ကြုံရသည့် ကျန်းမာရေး ပြဿနာများရှိနေခြင်း၊ မိသားစုစီမံကိန်း အားနည်းခြင်း၊ သားဆက်ခြားနှင့် မျိုးဆက်ပွား ကျန်းမာရေးဝန်ဆောင်မှုများ လိုအပ်နေခြင်း၊ ကျား/မတန်း တူညီမျှမှု မရှိခြင်းတို့ကို မီးမောင်း ထိုးပြနေခြင်းပင် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဆင်းရဲသည့် နိုင်ငံအများစုတွင် နေထိုင်ကြသည့် လူဦးရေ သန်းပေါင်းများစွာသည်  မျိုးဆက်ပွား ပညာရပ်များကို သိစေခြင်းငှာ သတင်း အချက်အလက်ရရှိမှုနှင့် လိုအပ်သည့် ဝန်ဆောင်မှုများ ရရှိမှု အားနည်းနေကြောင်း ကုလသမဂ္ဂက သုံးသပ် ထားသည်ကို လေ့လာ တွေ့ရှိရကြောင်း။

တစ်ချိန်က မွေးနှုန်း မြင့်မားခဲ့သည့် ကမ္ဘာ့နိုင်ငံများတွင် အလုပ်လုပ်နိုင်သည့် လူဦးရေ များပြားနေပြီး မှီခိုသူအရေအတွက် လျော့ကျလာခြင်းကြောင့် လူဦးရေဆုလာဘ် (Demographic Dividend) ရရှိနေသည့် နိုင်ငံများ ရှိသကဲ့သို့ တစ်ဖက်တွင် လူဦးရေတိုးပွားမှု နည်းလွန်းသည့်အတွက် သက်ကြီးရွယ်အို လူဦးရေ များပြားလာပြီး လုပ်သားအင်အား ရှားပါးလာသည့် ပြဿနာများကို ရင်ဆိုင်နေကြရသည့် နိုင်ငံများလည်း ရှိနေကြောင်း၊ လူဦးရေနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံများသည် မတူကွဲပြားသော ပြဿနာအမျိုးမျိုးကို ရင်ဆိုင်နေကြရကြောင်း။

ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသည် ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးမှုပန်းတိုင်များသို့ အရောက်လှမ်းနိုင်ရန် ကမ္ဘာတစ်ဝန်းရင်ဆိုင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရာတွင် တစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်မထားဘဲ အတူတကွ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း၊ အဆိုပါ ပန်းတိုင်များထဲမှ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်နွယ်နေသည့် ပန်းတိုင်များသို့ အရောက်လှမ်းနိုင်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့၌ကျင်းပခဲ့သည့် (၂၅)နှစ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ညီလာခံမှ အဓိကဆောင်ရွက်ရမည့် ကဏ္ဍများအဖြစ် မျိုးဆက်ပွား ကျန်းမာရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ကျား/မတန်းတူ ညီမျှမှုရရှိရေးတို့ကို သတ်မှတ်ခဲ့ကြခြင်း ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ လူဦးရေ ပြောင်းလဲမှုဖြစ်စဉ်နှင့် (၂၅)နှစ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ညီလာခံကချမှတ်ခဲ့သည့် သဘောတူ ညီချက်များနှင့်ပတ်သက်၍ ဖြစ်ပေါ် တိုးတက်မှုများကိုလည်း အနည်းငယ် ရှင်းလင်းပြောကြားလိုကြောင်း။

လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ (၅၅) သန်းကျော်ရှိပြီး အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် (၂)သန်းကျော် ပိုများသည်ကို တွေ့ရကြောင်း၊  အမျိုးသမီးတစ်ဦးသည် ယေဘုယျအားဖြင့် ကလေး (၂)ယောက်နှုန်းခန့်သာ မွေးဖွားနေခြင်းဖြစ်၍  မြန်မာနိုင်ငံ၏ ကလေးမွေးနှုန်းသည် မိဘနှစ်ပါးကို ပြန်လည် အစားထိုးသည့် Replacement level fertility သို့ ရောက်ရှိနေပြီဟု ဆိုနိုင်ကြောင်း။

ယခင် ဆယ်စုနှစ်များက ကလေးမွေးနှုန်း မြင့်မားခဲ့ခြင်း၏ အကျိုးဆက်အဖြစ် လက်ရှိအချိန်တွင် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ် အင်အား များပြားနေခြင်းကြောင့် လူဦးရေ ဆုလာဘ် ရရှိနေချိန်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် လူငယ်များ၏ အင်အားကို ထိထိမိမိ အသုံးချနိုင်ရန်၊ နယ်မြေဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နိုင်သူ လူဦးရေကို ထည့်သွင်းစဉ်းစားရန်နှင့် ၎င်းတို့၏ ပညာအရည်အချင်းနှင့် ကိုက်ညီမည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်လိုအပ်ကြောင်း သိရှိ နားလည်သည်နှင့်အညီ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် စီမံ ဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့နိုင်ငံအတွက် လူဦးရေဆုလာဘ် ရရှိချိန်သည် ၂၀၆၀ ပြည့်နှစ် ဝန်းကျင်အထိသာ ရရှိနိုင်မယ်ဟု ခန့်မှန်းထားခြင်းကြောင့် ရေတို/ ရေရှည် စီမံကိန်းများတွင်မှန်ကန်သည့် မူဝါဒများ၊ အစီအစဉ်များကို ကြိုတင်မျှော်တွေး စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၆၀ ပြည့်နှစ် နောက်ပိုင်းတွင် သက်ကြီးရွယ်အို များပြားပြီး လုပ်သားအင်အား ရှားပါးသည့်ပြဿနာကို ရင်ဆိုင်ကြရမည့် အခြေအနေ ရှိလာမည် ဖြစ်သည့်အတွက် လူမှုကာကွယ် စောင့်ရှောက်ရေး စနစ်အားကောင်းလာစေရန် ကြိုတင် ပြင်ဆင်ထားကြရမည် ဖြစ်ကြောင်း၊  နိုင်ငံတော်က စဉ်ဆက်မပြတ် လေ့လာသုံးသပ် ဆောင်ရွက် နေသကဲ့သို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်  အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

မွေးဖွားနှုန်း ကျဆင်းခြင်းသည် မြန်မာနိုင်ငံ၏ နေရာဒေသအားလုံး၊ မတူညီသော အုပ်စုများအားလုံးအတွင်း တစ်ပြေးညီ ကျဆင်းနေခြင်း မဟုတ်ဘဲ မညီမျှမှုများ ဖြစ်ပေါ်နေဆဲ ဖြစ်ကြောင်း၊ ဒေသအချို့၊ အုပ်စုအချို့တွင် မွေးဖွားနှုန်းမြင့်မားခြင်းနှင့် အတူ မိခင် သေဆုံးနှုန်း၊ ကလေးသေဆုံးနှုန်းများ မြင့်မားနေဆဲဖြစ်ကြောင်း၊   သတင်းအချက်အလက်ရရှိမှု၊ လိုအပ်သည့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများရရှိမှု စသည်တို့တွင် မညီမျှမှုများ ဖြစ်ပေါ်နေ၍ဖြစ်ကြောင်း၊  ထိုသို့သော မညီမျှမှုများကို လျှော့ချနိုင်ရန်  မျိုးဆက်ပွား ကျန်းမာရေးကို မြှင့်တင်ပေးပြီး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ကျား/ မ တန်းတူညီမျှရေးတို့ကို အလေးထား လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း။

မျိုးဆက်ပွား ကျန်းမာရေးသည် အမျိုးသမီးများနှင့်သာ သက်ဆိုင်ခြင်း မဟုတ်ဘဲ အမျိုးသားများ၊ လူငယ်များအားလုံး၏ အခွင့်အရေး၊ ကျန်းမာရေးတို့နှင့်လည်း သက်ဆိုင်နေကြောင်း၊  အလားတူ ရပ်ရွာပြည်သူလူထု တစ်ရပ်လုံး သာမက နိုင်ငံတော်နှင့်လည်း သက်ဆိုင်ပါကြောင်း၊ မျိုးဆက်ပွား ကျန်းမာရေးကို မြန်မာနိုင်ငံ တစ်ဝန်း မည်သူမဆို ရယူအသုံးပြုစေနိုင်မှသာ မြန်မာနိုင်ငံ၏ အနာဂတ်ကို ကာကွယ် စောင့်ရှောက်ရာ ရောက်မည်ဖြစ်ကြောင်း၊  အမျိုးသမီးများ မိမိဆန္ဒအလျောက် မျိုးဆက်ပွား ကျန်းမာရေးဝန်ဆောင်မှုများ အသုံးပြုခွင့် ရရှိနိုင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ရေရှည်ဖွံဖြိုးတိုးတက်မှု လမ်းကြောင်းသို့ ရောက်ရှိစေရန် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ကြောင်း။

၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူခဲ့သည့် လူဦးရေနှင့် ကျန်းမာရေးစစ်တမ်းအရ အသက် ၁၅ နှစ်မှ ၄၉ နှစ်အထိ အိမ်ထောင်ရှင် အမျိုးသမီးများ၏ ၉၇ ရာခိုင်နှုန်းသည် ခေတ်မီသားဆက်ခြားခြင်း နည်းလမ်းများနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတ ရှိကြသော်လည်း အသုံးပြုနိုင်မှုသည် (၅၁)ရာခိုင်နှုန်း သာရှိနေသည်ကိုတွေ့ရကြောင်း၊ ခေတ်မီသားဆက်ခြား နည်းလမ်းများ အသုံးပြုလိုသော်လည်း  အသုံးပြုနိုင်ခြင်း မရှိသေးသည့် (Unmet Need for Family Planning) ရာခိုင်နှုန်းသည် (၁၆) ရာခိုင်နှုန်း ရှိသည်ကိုတွေ့ရပြီး ထိုသို့သော မိသားစုစီမံကိန်းနှင့် အလှမ်းဝေးသည့် ဒေသများတွင် ကလေးမွေးနှုန်း မြင့်မားသော ဒေသများ ဖြစ်နေသည်ကို တွေ့ရကြောင်း။

ထို့ကြောင့် မိသားစုစီမံကိန်း၊ သားဆက်ခြားနှင့် မျိုးဆက်ပွား ကျန်းမာရေး ဝန်ဆောင်မှုများကို ပံ့ပိုးပေးရာတွင် ပိုမိုလိုအပ်သည့်ဒေသများ၊ အုပ်စုများနှင့် လိုအပ်သူများအားလုံး လက်လှမ်းမီစေရန် ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်၍ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် ပေါင်းစပ်ညှိနှိုင်းပြီး ထိရောက်စွာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ပတ်သက်၍ ၂၀၁၅-၂၀၁၆ ခုနှစ် လူဦးရေနှင့် ကျန်းမာရေး စစ်တမ်းအရ အိမ်ထောင်ရှင် အမျိုးသမီးများ၏ ၆၅ ရာခိုင်နှုန်းသည် တစ်ကိုယ်ရေ ကျန်းမာရေးစောင့်ရှောက်မှု၊ အိမ်ထောင်စုအတွက် လိုအပ်သော ပစ္စည်းများဝယ်ယူမှုနှင့် မိဘဆွေမျိုးများထံ သွားရောက် လည်ပတ်နိုင်မှု စသည့် နယ်ပယ်(၃)ခုတွင် ကိုယ်တိုင် ဆုံးဖြတ်ချက် ချမှတ်နိုင်ကြောင်း တွေ့ရပြီး ထိုသို့ ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် အမျိုးသမီးများသည် လိုအပ်သည့် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုများ ပိုမိုခံယူနိုင်သည်ကိုလည်း တွေ့ရကြောင်း၊ အမျိုးသမီးများ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်သည့် စွမ်းဆောင်ရည် မြင့်မားလာအောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

အမျိုးသမီးများ၏ အလုပ်လုပ်ကိုင်မှုနှင့် ပတ်သက်၍ ၂၀၁၉ ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေ(၁၀၀)တွင် (၅၂)ဦးခန့်သာ အလုပ်လုပ်နေခြင်းဖြစ်၍ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသမီးများ၏ လုပ်အားကို အပြည့်အဝ အသုံးမချနိုင်သေး သည်ကိုတွေ့ရကြောင်း၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် အမျိုးသမီးများ လုပ်ငန်းခွင် ဝင်ရောက်နိုင်ရေး အခွင့်လမ်းများကို ဖန်တီးပေးကြရမည် ဖြစ်ကြောင်း။

 

အမျိုးသမီးများ အိမ်တွင်း အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ အသက် ၁၅ နှစ်မှ ၁၉ နှစ်အထိ အမျိုးသမီးဦးရေ ၁၀၀ တွင် ၁၅ ဦးက အသက် (၁၅)နှစ်ကတည်းက ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေကြောင်း၊ အသက် ၁၅ နှစ်ကနေ ၁၉ နှစ်အတွင်းရှိ အိမ်ထောင်သည် အမျိုးသမီး ၅ ပုံ ၁ ပုံသည်လည်း အိမ်ထောင်ဖက်၏ အကြမ်းဖက်မှုကို တွေ့ကြုံခံစားနေရသည်ကို ဖော်ပြထားကြောင်း၊ မျိုးဆက်ပွားကျန်းမာရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ကျား/မတန်းတူညီမျှမှု ရရှိရေး စသည့် ကဏ္ဍများတွင် ရှေ့ဆက်လုပ်ဆောင်စရာ များစွာ ရှိနေသေးသည်ကို သုံးသပ်ရကြောင်း။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကိုဗစ်-၁၉ ကာလကြာရှည်စွာ ဆက်လက် တည်ရှိနေဦးမည် ဖြစ်သည့်အတွက် မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အနေအထားများအပေါ် ရေရှည်အကျိုးသက်ရောက်နိုင်မှုများ ရှိလာနိုင်မည်ကို ကြိုတင်ခန့်မှန်း တွက်ချက်ထားပြီး ကိုဗစ်-၁၉ ကြောင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ နာတာရှည် ရောဂါသည်များနှင့် အမျိုးသမီးများ စသည့် ထိခိုက်လွယ် အုပ်စုများကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆက်လက်စီမံ ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ အမျိုးသမီးများ၏  မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာလိုအပ်ချက်များ ပြတ်တောက်ခြင်း မရှိအောင် စီစဉ် ဆောင်ရွက်ထားရန် လိုအပ်သကဲ့သို့ အမျိုးသမီးများနှင့် ဆယ်ကျော်သက်များ အတွက် မျိုးဆက်ပွား ကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ အသိပညာပေးမှုများ တိုးမြှင့်လုပ်ဆောင်သွား ကြရမည် ဖြစ်ကြောင်း၊ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်ခြင်းနှင့်  မိခင်နှင့်ကလေး သေနှုန်းလျှော့ချခြင်း၊ အာဟာရချို့တဲ့မှု လျှော့ချခြင်းနှင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု စနစ်တို့ကို တိုးမြှင့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

မိမိနိုင်ငံအတွက် လူဦးရေဆုလာဘ် ရရှိနေချိန်တွင် တိုးပွားလာသည့် လူငယ်လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်  မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ပျံ့နှံ့မှု လျော့ပါး သက်သာလာချိန်တွင် ပြန်လည်ကုစားရေး အစီအစဉ်များကို ဆောင်ရွက်ပြီး ရရှိလာသည့် အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်နိုင်အောင် ကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်း၊ တစ်ဦး တစ်ယောက်ချင်းစီ၏ ရပိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်များကို မထိပါးစေဘဲ ထိရောက်မှန်ကန်သည့် မူဝါဒများနှင့်  အစီအစဉ်များကို ချမှတ် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

ကမ္ဘာ့နိုင်ငံများတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို လွတ်မြောက်အောင် နည်းလမ်းရှာဖွေရင်း အခွင့်အလမ်းများ အဖြစ် ပြောင်းယူနိုင်ခဲ့သည်ကို တွေ့မြင်ကြရမည် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၌လည်း လက်ရှိကြုံတွေ့နေရသည့် အခက်အခဲ အကြပ်အတည်း စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း အခွင့်အလမ်းများအဖြစ် ပြောင်းလဲရယူပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီ ဖြစ်ပေါ်လာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ဖြစ်ပေါ်လာစေရေး စသည့် ကောင်းမွန်သည့် အနာဂတ် တည်ဆောက်နိုင်ရန် ဦးတည်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မြန်မာနိုင်ငံ၌ လူဦးရေးဆုလာဘ်ရရှိနေမှုနှင့် မူဝါဒဆိုင်ရာ သုံးသပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့နှင့် သက်ဆိုင်သည့် Animation Video Clip ကို ပြသသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ  ၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် ပြခန်းငယ်များကို လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။