Skip to main content

ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၁၁

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ ကွပ်ကဲမှုအောက် တပ်ကျောင်းများနှင့် အခြေခံပညာကျောင်းများ ပညာရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ၊ ပညာရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးမြင့်ထွန်းနှင့် ဖိတ်ကြားထားသူများ၊ တပ်မတော် ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တပ်မတော် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော် ပညာရေးကျောင်းများ ပညာရည် တိုးတက်မြင့်မားရေးနှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များကို အကျယ်တဝင့် အမှာစကား ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးမြင့်ထွန်းက ဆွေးနွေးမည့် ခေါင်းစဉ်များနှင့် ထည့်သွင်း ဆွေးနွေးလိုသည့် အချက်များနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ အခြေခံပညာ ကျောင်းများတွင် ဒီမိုကရေစီ သဘောတရားများနှင့် ပတ်သက်၍ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်များ သင်ကြားပေးနိုင်မှု၊  မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ နိုင်ငံချစ်စိတ်နှင့် နိုင်ငံတော်အပေါ် ကာကွယ် စောင့်ရှောက်လိုစိတ်များ မွေးမြူနိုင်စေရေး၊ ကျောင်းသားဗဟိုပြုသင်ကြားခြင်းနှင့် စာကြည့်တိုက်များ၏ အရေးပါမှု၊ KG+12 ပညာရေး စနစ်သစ်အရ အထက်တန်းအဆင့် တက်ရောက်လျက်ရှိသည့် ကျောင်းသား/ ကျောင်းသူများ၏ အတန်းပညာ ပြီးမြောက်မှုအတွက် စာမေးပွဲဖြေဆိုရမှုနှင့် တက္ကသိုလ်သို့ ဆက်လက်တက် ရောက်ရာတွင် ဆောင်ရွက်ရမည့် အခြေအနေ၊ ကျောင်းသား/ ကျောင်းသူများအတွက် စာသင်ခန်းလိုအပ်ချက်များ ဆောင်ရွက်ထားရှိမှု၊ သင်ရိုးဟောင်း ပညာရေးစနစ်မှ သင်ရိုးသစ် (KG+12) ပညာရေးစနစ်သစ်သို့ ပြောင်းလဲ သင်ကြားပေးရာတွင် အားနည်းချက်/ အားသားချက်များနှင့် အကျိုးကျေးဇူးများ၊ အခြေခံပညာအထက်တန်း ပြီးမြောက်ကြောင်း လက်မှတ် (Completion Certificate)၏ အခွင့်အလမ်းများ၊  တက္ကသိုလ်ဝင် စာမေးပွဲအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (ပြင်ပဖြေ)တွင် တစ်ကြိမ် ကျင်းပပြုလုပ်မည် ဖြစ်သဖြင့် ၎င်းနှစ်တွင် ကျရှုံးသည့် ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ယူမှု အခွင့်အလမ်းများနှင့် အသက်မွေးမှုဆိုင်ရာ ဆောင်ရွက်မှုများ စသည့် ခေါင်းစဉ်များအလိုက် အကျယ်တဝင့် ဆွေးနွေးကြရာ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။

ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် တ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက တက်ရောက်ဆွေးနွေးပေးခဲ့သော ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သတင်းရရှိသည်။