Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၁

ဆောက်လုပ်ရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုတို့သည် တောင်ကြီးမြို့၊ လမ်းဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံးတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် အဆောက်အဦ၊ လမ်း၊ တံတားအထူးအဖွဲ့များမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးပါကြောင်း၊ မိမိပြည်နယ်၊ ခရိုင်၊ မြို့နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတားနှင့် မြို့ပြအိမ်ရာ ကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးတက်အောင်မြင်ရေး အတွက် စေတနာထား ဆောင်ရွက်ရန် လိုကြောင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရန်  Seminar များ၊  Workshop များ၊ Training များ လုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ မိမိခရိုင်၊ မြို့နယ်အလိုက် နယ်မြေအခြေအနေနှင့်  လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများ ရှိပါက တင်ပြပေးရန် လိုကြောင်း၊ သို့မှသာ လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုက လိုအပ်သည်များကို ဖြည့်ဆည်း ပြောကြားသည်။

ဆက်လက်၍ အဆောက်အဦ ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်များနှင့် အထူးအဖွဲ့များမှ တက်ရောက်သူများ ကိုယ်စားတစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့်  လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့က လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံဝင်းအတွင်း (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ (၂)လုံး ဆောက်လုပ် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ လမ်းဦးစီးဌာနမှ ကြီးကြပ်ပြီး တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်သော မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း (မိတ္ထီလာ - တောင်ကြီးအပိုင်း) မိုင်တိုင် (၆၂/၀)အနီးရှိ နှစ်ထပ်လမ်း နေရာတွင် မြေပြိုကျမှုနှင့်  လမ်းသားနိမ့်ကျမှုမရှိ စေရန် အခိုင်အမာ ကွန်ကရစ် မြေထိန်းနံရံ  တည်ဆောက်နေမှုတို့ကို  ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိုင်တိုင်အမှတ် (၄၃/၇) နှင့် (၄၄/၀) ကြားတွင် ယခင်နှစ်လမ်းသွား တံတားဟောင်းနှင့် ကပ်လျက် အရှည်ပေ(၂၀၀)ရှိ နှစ်လမ်းသွား ပြည်ညောင်တံတားသစ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် B.O.T စနစ်ဖြင့် ဆောင်ရွက်သော ဘုရားငါးဆူ လမ်းအပိုင်း ပြုပြင် ထိန်းသိမ်းထားရှိမှုကို လည်းကောင်း၊ ရန်ကုန် - ပဲခူး - တောင်ငူ  -   မန္တလေး   ပြည်ထောင်စု လမ်းမကြီး   (မိတ္ထီလာ  -  ပျဉ်းမနားအပိုင်း) အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှု၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)