နေပြည်တော် ဇူလိုင် ၁၁
ဘွိုင်လာကိုင်တွယ် ထိန်းသိမ်းသူများ သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၉ နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုလုပ်ငန်း အများအပြားသည် ဘွိုင်လာကို မရှိမဖြစ် မှီခိုနေရကြောင်း၊ ယခုသင်တန်းကို တက်ရောက်အောင်မြင်ပြီးကြသည့် ဘွိုင်လာ ကိုင်တွယ်ထိန်းသိမ်းသူများ အနေဖြင့် မိမိစက်ရုံ/အလုပ်ရုံများတွင် ရှိသည့် ဘွိုင်လာများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ပျက်စီးယိုယွင်းမှု နည်းနိုင်သမျှနည်းအောင် ထိန်းသိမ်းပြီး သက်တမ်းပြည့် အသုံးပြုနိုင်ရေးကို ယခင်ကထက် ပိုမိုကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် စက်မှုကဏ္ဍ၏ အစိတ်အပိုင်းတစ်ရပ်တွင် ပါဝင်နေသည့် ဘွိုင်လာ ကိုင်တွယ်ထိန်းသိမ်းသူများသည် မိမိတို့၏လုပ်ငန်းခွင်သို့ ပြန်လည် ရောက်ရှိသည့်အခါတွင် သင်တန်းမှလေ့လာသင်ကြားပေးခဲ့သည့် ပညာရပ်များကို ထိထိရောက်ရောက် ပြန်လည် အသုံးပြုသွားပြီး လုပ်ငန်းတာဝန်များကို အန္တရာယ် ကင်းရှင်းစွာဖြင့် ပိုမိုကြိုးစား ထမ်းဆောင်ကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်း၌ ထူးချွန်ဆုရရှိခဲ့သည့် သင်တန်းသား (၃)ဦးကို ဆုများ ချီးမြှင့်ပေးအပ်ပြီး သင်တန်းသားခေါင်းဆောင်အား သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။
ဘွိုင်လာ စစ်ဆေးရေးသင်တန်းကို ဘွိုင်လာ မတော်တဆ ချို့ယွင်းမှုများကြောင့် အသက်နှင့် ပစ္စည်းများ ဆုံးရှုံးမှုများမှ ကာကွယ်ရန်၊ ဘွိုင်လာများ သက်တမ်း ကြာရှည်စွာနှင့် စွမ်းရည်ပြည့် အသုံးပြုနိုင်ရေးတို့အတွက် စနစ်တကျ ထိန်းသိမ်းကြပ်မတ်ပေးရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသင်တန်းကို ရက်သတ္တပတ် (၈)ပတ်ကြာ ဖွင့်လှစ်ခဲ့ကာ ဝန်ကြီးဌာနများနှင့် မိတ်ဖက် အဖွဲ့အစည်းများမှ သင်တန်းသား (၃၇)ဦး တက်ရောက်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်မှုလက်မှု သမိုင်းမှတ်တမ်း ပြုစုရေးသားထုတ်ဝေနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး တာဝန်ရှိသူများက စက်မှုလက်မှု သမိုင်းမှတ်တမ်းပြုစု ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်မှု၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ မြန်မာနိုင်ငံ၏ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် အခြေအနေ၊ ယခုလက်ရှိ ဆောင်ရွက်နေမှုများကို နောင်မျိုးဆက်သစ်များ မှန်ကန်စွာ သိရှိ လေ့လာနိုင်ရေးအတွက် ပြုစုရေးဆွဲရခြင်း ဖြစ်ကြောင်း၊ စက်မှုလက်မှုသမိုင်းရေးဆွဲရာတွင် ခိုင်မာတိကျသည့် အထောက်အထားများဖြင့် ဝိုင်းဝန်းကြိုးစား ပြုစု ရေးသားကြပါရန် မှာကြားပြီး မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်း သမိုင်းပြုစုရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၏ အကြံပြု ဆွေးနွေးမှုများကို ညှိနှိုင်း ပေါင်းစပ်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာဒုံစက်မှုဇုန်ရှိ SC Auto (Myanmar) Co., Ltd. ၏ SC NEUSTAR အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်များ CKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေမှု၊ မော်တော်ယာဉ်များ၏ ကြံ့ခိုင်မှုတို့ကို အထောက်အကူပြု စက်ပစ္စည်းကိရိယာများဖြင့် စမ်းသပ်နေမှုတို့ကို ကြည့်ရှု လေ့လာသည်။
ဇူလိုင်(၁၀)ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သုတေသနဌာနဝင်းအတွင်း၌ မူလဓာတ်ခွဲခန်း တည်ဆောက်နေမှုနှင့် အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်) စက်ရုံအထိမ်းအမှတ်ပြခန်း တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)