Skip to main content

အာဆီယံဒေသတွင်း မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူများ ထောက်ပံ့ရေး ကွန်ရက်တည်ထောင်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ညှိနှိုင်းစည်းဝေး

နေပြည်တော် ဇူလိုင် ၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) တို့ ပူးပေါင်း၍ အာဆီယံဒေသတွင်းမိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများ ထောက်ပံ့ရေးကွန်ရက် တည်ထောင်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ Hybrid ပုံစံဖြင့် ကျင်းပသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ယနေ့အထိ မိုင်းထိပြည်သူတစ်ဦးလျှင် နှစ်သိန်းနှုန်းဖြင့် ၆၉၂ဦးအတွက် မိုင်းထောက်ပံ့ကြေး စုစုပေါင်းငွေကျပ် ၁၃၈၄၀၀၀၀ဝ တိတိကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် Anti-Personnel Mine Ban Convention (APMBC) အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်တို့ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့် ဆက်စပ်ပြီး စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်များသည် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ASEAN Regional Mine Action Center (ARMAC) မှ Executive Director ဖြစ်သူ Mr. Prum Suonpraseth တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) မှ တာဝန်ရှိသူများ၊ မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူများ တက်ရောက်ကြပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေး ဒုတိယပိုင်းတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက ဦးဆောင်၍ Panel Discussion အဖြစ် မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူများကို ကူညီထောက်ပံ့ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အလေ့အထကောင်းများ၊ အခက်အခဲများနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်စီမံခန့်ခွဲခြင်း/ ကောက်ယူခြင်း၊ ဆေးပညာအရ အထူးပြုစုစောင့်ရှောက်ခြင်းနှင့် လက်ရှိစောင့်ရှောက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ခြင်း၊ စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ လူမှု-စီးပွား ပေါင်းစည်း ဆောင်ရွက်ခြင်း/ ပညာရေး၊ ဥပဒေနှင့် မူဝါဒများ ခေါင်းစဉ်တို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးနှင့် ARMAC အမှုဆောင်ညွှန်ကြားရေးမှူးတို့က ညှိနှိုင်းအစည်းအဝေးအနှစ်ချုပ်နှင့် ရှေ့လုပ်ငန်းစဉ်တို့ကို ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။

သတင်းစဉ်