Skip to main content

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အစိုးရနည်းပညာကောလိပ်(နေပြည်တော်)၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က စိုက်ပျိုးမည့် ပျိုးပင်များကို ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများကိုယ်စား အစိုးရနည်းပညာကောလိပ် (နေပြည်တော်) ကျောင်းအုပ်ကြီး ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်) ကျောင်းအုပ်ကြီးကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးက အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု သင်တန်းကျောင်း (နေပြည်တော်) ကျောင်းအုပ်ကြီးကိုလည်းကောင်း  ပေးအပ်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ကံကော်ပင်ကို စိုက်ပျိုးပေးကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ကံကော်ပင်နှင့် ခရေပင်များကို စိုက်ပျိုးပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှု အားပေးကြသည်။ ယနေ့ကျင်းပသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကံ့ကော်ပင်(၂၀၀)နှင့် ခရေပင်(၄၀၀) စုစုပေါင်းအပင် (၆၀၀) စိုက်ပျိုးခဲ့ကြသည်။

ယခုနှစ် မိုးရာသီကာလအတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများဖြစ်ကြသည့် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များ၊ အစိုးရနည်းပညာကောလိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများတို့တွင် ရတနာတန်းဝင်အပင်များ၊ အရိပ်လေကာပင်များ၊ နှစ်ရှည်သီးပင်စားပင်များနှင့် အလှပန်းပင်များ စုစုပေါင်း (၃၄၀၀၀ ကျော်) သုံးတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် Sydney Accord နှင့်အညီဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အစိုးရနည်းပညာကောလိပ် (နေပြည်တော်) တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လက်တွေ့ခန်းများ၊ သင်ထောက်ကူပစ္စည်းများ၊ အလုပ်ရုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများကို လိုအပ်သည်များကို မှာကြားညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ 

ယနေ့ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပသော အစိုးရနည်းပညာကောလိပ်(နေပြည်တော်)တွင် နည်းပညာဘွဲ့သင်တန်း (Bachelor of Technology (B.Tech))  များဖြစ်ကြသည့် မြို့ပြအင်ဂျင်နီယာ (Civil Engineering)၊ စက်မှုအင်ဂျင်နီယာ (Mechanical Engineering)၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (Electrical Power Engineering)၊ စက်မှုလယ်ယာနည်းပညာ (Farm Machinery Technology) နှင့် အစားအသောက်နည်းပညာ (Food Technology) အထူးပြုဘာသာရပ်များကို သင်ကြားပေးမည် ဖြစ်သည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် အစိုးရနည်းပညာကောလိပ် (၅) ကျောင်းအား (နေပြည်တော်၊ ရွှေဘို၊ မန္တလေး၊ ကျောက်ဖြူ၊ တောင်ဒဂုံ) တို့တွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ်များ ပါဝင်သော မည်သည့်ဘာသာတွဲများဖြင့်မဆို အောင်မြင်သည့် ကျောင်းသား၊ကျောင်းသူများ လျှောက်ထားနိုင်မည်ဖြစ်ပြီး သင်တန်းကာလ (၄) နှစ်ပြီးစီးပါက Bachelor of Technology (B.Tech) ဘွဲ့ကို တိုက်ရိုက်အပ်နှင်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)