နေပြည်တော် ဇူလိုင် ၇
၂၀၂၂ ခုနှစ်၊ နေပြည်တော်ဟိုတယ်ဇုန် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်ဝန်ထမ်းများ ပါဝင်တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ကံ့ကော်ပင်ကို ဦးဆောင် စိုက်ပျိုးသည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များ၊ဝန်ထမ်းများက ပျိုးပင်များကို သတ်မှတ်ထားသည့် နေရာများတွင် အတူတကွ စုပေါင်းစိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီးက သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယနေ့ကျင်းပသော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင်၊ မန်းကျည်းပင်၊ ရွှေသပြေ၊ ကံ့ကော်၊ ထိုင်ဝမ်ဗန်ဒါ စသည့်အရိပ်ရလေကာပင်နှင့် ပန်းအလှပင်စုစုပေါင်း (၃၀၀) ကျော် စိုက်ပျိုးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Star World ဟိုတယ်သို့ရောက်ရှိကာ နေပြည်တော်ရှိ ဟိုတယ်များမှ ကာကွယ်ဆေးထိုးရန်ကျန်ရှိသော ဟိုတယ်ဝန်ထမ်း(၈၅)ဦးကို တတိယအကြိမ် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)