Skip to main content

ဆန်ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်တွင်း မွေးမြူရေးအစားအစာလိုအပ်ချက်များနှင့် ချိန်ညှိ၍ ပိုလျှံသည်များကို ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်ရမည်

နေပြည်တော် ဇူလိုင် ၆

 ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက်လက်တိုးတက် ဖွံ့ဖြိုးစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ယနေ့ဆွေးနွေးပွဲကို ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းစဉ်များနှင့် ဆန်စပါးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်သည်မှ ပြည်ပတင်ပို့ ရောင်းချသည်အထိ လုပ်ငန်းစဉ် တစ်လျှောက်တွင် ပါဝင်လုပ်ကိုင် ဆောင်ရွက်နေသူ များအားလုံးအနေဖြင့် ကဏ္ဍတစ်ခုနှင့်တစ်ခုကို ချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံပြီး ပြည်တွင်း မွေးမြူရေးအစားအစာလိုအပ်ချက်များနှင့် ချိန်ညှိ၍ ပိုလျှံ သည်များကို ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် ကုန်သွယ်မှု ပုံစံများ ပြောင်းလဲလာသည်နှင့်အညီ ကုန်စည်အရည်အသွေး သတ်မှတ်ချက်၊ ဝယ်ယူမှုပုံစံ အသစ်များ၊ တင်ပို့ရောင်းချမှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် ကဏ္ဍအလိုက် စိန်ခေါ်မှုများ ကြုံတွေ့လာရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ဆွေးနွေးပွဲတွင် ကဏ္ဍအလိုက် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်မည့် နည်းလမ်းများကို ပွင့်ပွင့်လင်းလင်းဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်းနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆန်ပြည်ပ တင်ပို့မှုလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နေမှုအခြေအနေ၊ ပြည်တွင်း စိုက်ပျိုးထွက်ရှိမှု၊ ပြည်တွင်း မွေးမြူရေးလုပ်ငန်းများ၏ လိုအပ်ချက်များနှင့် ချိန်ဆ၍ ပြည်ပ တင်ပို့နေမှု၊ ဆန်ထွက်ပစ္စည်းများနှင့် တန်းမြင့်ဆန်များ ပြည်ပတင်ပို့မှု၊ ပို့ကုန်လိုင်စင် လျှောက်ထားမှုကိစ္စရပ်များနှင့် စပ်လျဉ်းပြီး နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေး စေလိုသည်များ ကို ဆွေးနွေးတင်ပြသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သက်ဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန် ရှိသူများက ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်သည်မှ ပြည်ပတင်ပို့ ရောင်းချသည်အထိ လုပ်ငန်းစဉ်တစ်လျှောက် ကဏ္ဍအလိုက် လိုအပ်ချက်များ အပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ယမကာ ထုတ်လုပ်ဖြန့်ဖြူးသူများအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ဆန်ပြည်ပတင်ပို့သည့်ကုမ္ပဏီများမှ တာဝန်ရှိသူများ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်