နေပြည်တော် ဇူလိုင် ၆
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၁၇) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဘာသာစုံ ဂုဏ်ထူးရှင်များ၊ ဂုဏ်ထူးများဖြင့် အောင်မြင်သူများ ပိုမိုများပြားစွာ ပေါ်ထွက်ခဲ့သည်ကို တွေ့ရှိရပြီး၊ ယခုနှစ်တွင် ဂုဏ်ထူးရှင် စုစုပေါင်း (၁၆၉) ဦး ပေါ်ထွက်ခဲ့ပါကြောင်း၊ နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရှင်များ အမြဲတမ်းမပျက်မကွက် ပါဝင်လေ့ရှိသည့် မိမိတို့ဝန်ကြီးဌာန ဝန်ထမ်း သား၊ သမီးများ၏ အစဉ်အလာကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်မှုအတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊
ယခု အောင်မြင်မှုများကို အခြေခံပြီး နောင် အဆင့်မြင့်မားသည့် ပညာရပ်များကို ဆက်လက်သင်ယူ ဆည်းပူးသွားကြရန်နှင့် အရည်အချင်း ပြည့်ဝသည့် အသိပညာရှင် အတတ်ပညာရှင်များအဖြစ် အနာဂတ် နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နိုင်သည့် နိုင်ငံတော်ကအားကိုးအားထား ပြုရသည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်အောင် ကြိုးပမ်းကြရန် တိုက်တွန်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများက ဘာသာစုံ ဂုဏ်ထူးရှင်များ၊ ဂုဏ်ထူးများနှင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ရွှေတံဆိပ်ဆု၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ဆုရ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား (၆) ဘာသာဂုဏ်ထူးရှင် မသိမ့်ပွင့်ဖြူနှင်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆုရကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့်အတူ နံနက်စာ အတူတကွ သုံးဆောင်သည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ကျောင်းသား/ကျောင်းသူ (၇၂၉) ဦးဝင်ရောက် ဖြေဆိုရာ (၃၉၂)ဦး အောင်မြင်သည့် အနက် (၆) ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ (၄) ဘာသာ ဂုဏ်ထူးရှင် (၁၂)ဦး၊ (၃) ဘာသာ ဂုဏ်ထူးရှင် (၁၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၉)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၁၁၀) စုစုပေါင်း (၁၆၉)ဦး၊ ရိုးရိုးအောင်မြင်သူ (၂၂၃)ဦးနှင့် အောင်ချက်ရာခိုင်နှုန်း ၅၃ ဒသမ ၇၇ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်