နေပြည်တော် ဇူလိုင် ၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် လူငယ်အားကစား လေ့ကျင့်ရေးစခန်း (Youth Camp) ၌ စခန်းဝင် လေ့ကျင့်လျက်ရှိသော မျိုးဆက်သစ် အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ပြေးခုန်ပစ် အားကစားသမားများ၏ လေ့ကျင့်နေမှုကို လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၂)၌ ဘောလုံး (အမျိုးသား/အမျိုးသမီး) အားကစားသမားများ၏ လေ့ကျင့်နေမှုများကိုလည်းကောင်း၊ Training Hall (2) ၌ လက်ဝှေ့ အားကစားသမားများနှင့် အလေးမအားကစားသမားများ၏ လေ့ကျင့်နေမှုကို လည်းကောင်း၊ Training Hall (3) ၌ ဂျူဒိုအားကစားသမားများ၊ ကရာတေးဒို အားကစားသမားများနှင့် တိုက်ကွမ်ဒို အားကစားသမားများ၏ လေ့ကျင့်နေမှုကို လည်းကောင်း လိုက်လံကြည့်ရှု အားပေးပြီး နည်းပြဆရာများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ စားရိပ်သာတွင် (Youth Camp) မှ အားကစားသမားများ၏ နေ့လယ်စာ စားသုံးနေမှုကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး အားကစားသမားများအား အာဟာရနှင့် ညီညွတ်မျှတစွာ ချက်ပြုတ် ကျွေးမွေးရန်နှင့် နေထိုင်သွားလာ စားသောက်မှုများတွင် စနစ်တကျ ကြီးကြပ် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များ ရရှိစေရန် ရည်ရွယ်၍ နေပြည်တော်၌ လူငယ်အားကစား လေ့ကျင့်ရေးစခန်း (Youth Camp) ကို ဖွင့်လှစ်၍ ပြေးခုန်ပစ်၊ ဘောလုံး၊ လက်ဝှေ့၊ အလေးမ၊ ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ မြားပစ်၊ ပိုက်ကျော်ခြင်းနှင့် ဘော်လီဘော အားကစားနည်းများတွင် အုပ်ချုပ်/နည်းပြ (၄၀)၊ အားကစားသမား (၂၀၉) ဦး၊ စုစုပေါင်း (၂၄၉) ဦးတို့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ စနစ်တကျ လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)