Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့် လင်းခေး၊ မောက်မယ်၊ ဆီဆိုင်၊ တောင်ကြီးမြို့တို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ထပ်ဆင့်လွှင့်စက်ရုံမှ ဝန်ထမ်းများနှင့်တွေ့ဆုံ

တောင်ကြီး ဇူလိုင် ၅

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင် လင်းခေးမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မိုင်းပန်မြို့နယ်နှင့် ကျိုင်းတောင်းမြို့တို့မှ ဦးစီးမှူးများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှူးတို့ကို တွေ့ဆုံသည်။

ဇူလိုင် ၄ ရက်တွင် ဒုတိယဝန်ကြီးသည် မောက်မယ်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှူးတို့ကို တွေ့ဆုံသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ဒေသစီမံ ခန့်ခွဲရေးအဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်မှတာဝန်ရှိသူများနှင့်အတူ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ကိုကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆီဆိုင်(နောင်ထော်) ထပ်ဆင့်လွှင့်စက်ရုံမှ စက်ရုံမှူးတို့ကိုတွေ့ဆုံကာ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ဝန်ထမ်းကောင်းများဖြစ်အောင် သစ္စာရှိရှိ တာဝန်သိသိဖြင့် ဆောင်ရွက်ကြရန်၊ အလှမ်းကွာဝေးသောဒေသများဖြစ်၍ ဌာနဆိုင်ရာအကြီးအကဲများ မရောက်ရှိနိုင်သောကြောင့် မိမိတို့ကိုယ်တိုင်၏ အသိစိတ်ဖြင့် ထိုးထွင်းကြံဆဆောင်ရွက်ကြရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ လူငယ်လူရွယ်များနှင့်ကျောင်းသား ကျောင်းသူများအကြား အသိပညာဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ကြရန်၊ ရုံးအဆောက်အအုံများ၊ စာအုပ်စာစောင်များနှင့် ရုံးသုံးပစ္စည်းများ လျော့နည်းပျက်စီးပျောက်ဆုံးမှုမရှိအောင် စစ်ဆေးကြပ်မတ် ဆောင်ရွက်ကြရန်မှာကြားသည်။

ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း ဇူလိုင် ၅ ရက်က လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ တောင်ကြီးမြို့အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း ပြည်နယ်နှင့်ခရိုင်တို့မှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ ပညာရေးမှူးများနှင့်အတူ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံ၍ ပညာတတ်လူတော်လူကောင်းများဖြင့်သာ နိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်၍ ဗလငါးတန်ပြည့်ဝသည့် လူငယ်များဖြစ်အောင် ကြိုးစားကြရန် မှာကြားသည်။

ထို့နောက် ကျောင်းစာကြည့်တိုက်များအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ စာအုပ်စာစောင်များနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်သည့် အားကစားပစ္စည်းများကိုပေးအပ်ပြီး ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)