နေပြည်တော် ဇူလိုင် ၅
မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဝင် ညွှန်ကြားရေးမှူးချုပ်များ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထူးခြားသောအင်အားစုတစ်ရပ်ဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံတော်မှ ချမှတ်ပေးထားသော မူဝါဒ(၇)ရပ်၊ ရည်မှန်းချက် (၇)ရပ်၊ လုပ်ငန်းစဉ် (၁၀)ရပ်တို့နှင့်အညီ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ၏ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀)၏ မဟာဗျူဟာများ၊ ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များနှင့် ချိတ်ဆက်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားရန်လို ကြောင်း၊ ယခုအစည်းအဝေးမှ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များကို မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက ဦးစီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍများ၊ အာဆီယံတွင် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့်ယဉ်ကျေးမှုစသည့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ခြုံငုံသုံးသပ်ဖြည့်စွက် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်